မတ္တရာမြို့နယ်တွင် ကျေးရွာ ၂၀၀ကျော်ရေလွှမ်းမိုးခံရ

မတ္တရာမြို့နယ်တွင် ကျေးရွာ ၂၀၀ကျော်ရေလွှမ်းမိုးခံရ

အောက်တိုဘာ ၁၅ ။             ။ ဆည်တော်ကြီးရေလှောင်တမံမှ ဆည်ရေများ ဖွင့်လိုက်သည့်အတွက် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာ ၂၀၀ကျော် ရေလွှမ်းမိုးခံရပြီး ါ်ကျေးရွာ ၅ရွာကို အရေးပေါ် ရွှေ့ပြောင်းပေး လျှက်ရှိကြောင်း သိရသည်။

ဆည်တော်ရေလှောင်တမံ၏ စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေသည့်အတွက် အောက်တိုဘာ ၁၄ ရက်မှစတင်၍ ရေများလွှတ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ အခြေအနေတွင် မတ္တရာမြို့နယ်၊ တံငါရွာအနီးရှိ မန္တလေး၊ မိုးကုတ်လမ်းမှာ ရေကျော်နေခြင်းကြောင့် ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားရကြောင်းလည်း သိရသည်။

ကယ်ဆယ်ရေးဆောင်ရွက်နေသည့် မတ္တရာမြို့နယ် မီးသတ်တပ်ခွဲမှူး ဦးကျော်ကျော်က "လက်ရှိက ရေရှိန်ကများတယ်။ ကားတွေလူတွေဖြတ်ရင် အန္တရာယ်များလို့ ပိတ်ထားတာပါ။ ခရီသည်တွေနဲ့ အနီးအနားရွာတွေက လူတွေကိုတော့ ကျွန်တော်တို့ ကယ်ဆယ်ရေးအဖွဲ့ တွေပို့ပေးနေတယ်။ မနက် ၆ နာရီကတည်းက ပိတ်ထားတာပါ။ ငြိမ်တာနဲ့ ပြန်ဖွင့်ပေးသွားမှာပါ"ဟု ပြောသည်။

ဆည်တော်ကြီးရေလှောင်တမံ၏ ကန်ရေ ပြည့်အမှတ်သည် အောက်တိုဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် ၄၂၁.၆ပေထိ တက်ရောက်လာမှုကြောင့် ရေပိုလွဲှအချို့ ဖွင့်ချခဲ့ရသည်။ မနက် ၇ နာရီဝန်းကျင် အချိန်ထိ အိမ်ထောင်စု ၁၉၄စု ရေဝင်ရောက်ခဲ့ပြီး လူဦးရေ ၆၂၆ ဦးကို ရေဘေးသင့်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ယနေ့ ၁၁နာရီက သတင်းထုတ်ပြန်ထားသည်။

လက်ရှိအရေးပေါ် ရွှေ့ပြောင်းပေးနေသည့် ကျေးရွာ ၅ ရွာမှာ သပြေချောင်ကျေးရွာ၊ ဆိပ်သာအုပ်စု၊ ရှားဆေးချက်ကျေးရွာ၊ ကျွဲကျကျေးရွာနှင့် အုတ်တိုက်ကျေးရွာတို့ ဖြစ်သည်ဟု မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းက ဆိုသည်။

"ကျွန်တော်တို့ အားချင်းရွှေ့ပေးနေတယ်။ အစားအသောက်တော့ နည်းနည်း ခက်ခဲသွားတယ်။ လယ်မြေပျက်စီးမှုတွေလည်းရှိတယ်။ အခုစာရင်းတွေ ကောက်နေတယ်"ဟုပြောသည်။

အရပ်ဖက်အဖွဲ့အစည်းများ၊ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့က ကယ်ဆယ်ရေး ဆောင်ရွက်ပေးလျှက်ရှိပြီး ကလေးတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်းလည်း ကယ်ဆယ်ရေးဆောင်ရွက်နေသူများက ပြောသည်။

ယနေ့မွန်းလွဲပိုင်း အချိန်ထိ ဆည်တော်ကြီးရေလှောင်တမံမှ ရေ ၃ပေ ဆက်လက် လွှတ်ထားကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly