လျှပ်စစ်ရှော့တိုက်၊ အဆိပ်ကျွေးငါးဖမ်းခြင်းများကို စီမံချက်ဖြင့် ဖမ်းဆီးနိုင်ရန် အဆင်သင့်မဖြစ်သေး

လျှပ်စစ်ရှော့တိုက်၊ အဆိပ်ကျွေးငါးဖမ်းခြင်းများကို စီမံချက်ဖြင့် ဖမ်းဆီးနိုင်ရန် အဆင်သင့်မဖြစ်သေး

ရန်ကုန်၊အောက်တိုဘာ ၁၁ ။          ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြစ်၊ ချောင်း၊ အင်း၊ အိုင်များတွင် လျှပ်စစ်ရှော့တိုက်ခြင်း၊ အဆိပ်ချခြင်းဖြင့် ငါးဖမ်းနေမှုကို လူအင်အား၊ ဘတ်ဂျက်အစရှိသည့် လိုအပ်ချက်များကြောင့် စီမံကိန်းသတ်မှတ်ကာ အရေးယူမှုမပြုလုပ်နိုင်သေးကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုး၊ မွေးမြူရေးနှင့် သစ်တောဝန်ကြီး ဦးဟန်ထွန်းက ပြောသည်။

စီမံကိန်းသတ်မှတ်ကာ အရေးယူရန်နှင့် ပတ်သတ်၍ မေးမြန်းရာ ယနေ့အောက်တိုဘာလ(၁၁)ရက် ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒဿမပုံမှန်အစည်းအဝေးတွင် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြစ်၊ ချောင်း၊ အင်း၊ အိုင်များတွင် ဘတ်ထရီရှော့ရိုက်ငါးဖမ်းခြင်းနှင့် အဆိပ်ချ ငါးဖမ်းယူနေမှုနှင့် ပတ်သတ်၍ ဥပဒေအရစီမံချက်ဖြင့် အရေးယူရန် အစီစဉ်ရှိမရှိ ကော့မှူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းအောင်က မေးမြန်းခဲ့ခြင်းဖြစ်သည်။

ထိုလျှပ်စစ်ရှော့တိုက်မှုနှင့် အဆိပ်ချမှုများကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြစ်၊ ချောင်း၊ အင်းအိုင်များတွင် ငါးအပါအဝင် ရေနေသတ္တဝါများ ရှားပါလာသည်ကိုတွေ့ရကြောင်း ဦးဇော်မင်းအောင်ကပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ထိုကဲ့သို့ငါးဖမ်းမှုများအတွက် တစ်လတစ်ကြိမ်စီ မြစ်များ၊ ချောင်းများအတွင်း စစ်ဆေးကင်းလှည့်ခြင်းကို ဆောင်ရွက်နေသည်။

"သီးခြားစီမံကိန်းချဆောင်ရွက်နိုင်ခြင်းမရှိသေးပါဘူး။ စီမံကိန်းချဆောင်ရွက်နိုင်ရန်အတွက် ဘတ်ဂျက်၊ လိုအပ်တဲ့ ဝန်ထမ်းသတ်မှတ်မှု၊ လိုအပ်တဲ့ယန္တရား၊ ရေယာဉ်၊မော်တော်ယာဉ်စတဲ့ Facilities များ လုံခြုံရေးကိစ္စများ၊ အချိန်သတ်မှတ်မှုများ စတဲ့ အခက်အခဲများ ရှိခြင်းကြောင့် မြို့နယ်များမှ ရေလုပ်သားအစုအဖွဲ့နဲ့ ဒေသခံအဖွဲ့အစည်းအသီးသီးမှ သတင်းပေးပို့လာခြင်းအား ဆောင်ရွက်နိုင်ခြင်းဖြင့် ဝန်ထမ်းများ ပုံမှန်ကွင်းဆင်း စစ်ဆေးအရေးယူဆောင်ရွက်နိင်ခြင်းသာ အရေးယူဆောင်ရွက်နိုင်ကြောင်း ဖြေကြားအပ်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးဟန်ထွန်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘတ္ထရီဖြင့် ရှော့တိုက်မှုများကို ၂၀၁၆-၂၀၁၇ခုနစ် ဘဏ္ဍာနှစ်၌ တွံတေးမြို့နယ်၊ ခရမ်းမြို့နယ်၊ တိုက်ကြီးမြို့နယ် တို့တွင် (၁)မှုစီ၊ ကော့မှူးမြို့နယ်နှင့် ကျောက်တန်းမြို့နယ်တွင် (၄)မှုစီ၊ စုစုပေါင်း (၁၁)မှုသာ ဖမ်းဆီးရမိခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုး၊မွေးမြူရေးနှင့် သစ်တောဝန်ကြီး ဦးဟန်ထွန်းက ပြောပြသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required