ဘာစီလိုနာအသင်းနှင့် ‘တစ်သက်တာ စာချုပ်’ကို ချုပ်ဆိုလိုက်တဲ့ အင်နီယေစတာ

ဘာစီလိုနာအသင်းနှင့် ‘တစ်သက်တာ စာချုပ်’ကို ချုပ်ဆိုလိုက်တဲ့ အင်နီယေစတာ
(ဓာတ်ပုံ - အီးပီအေ)

စပိန်ကွင်းလယ်ကစားသမား အင်နီယေစတာဟာ ဘာစီလိုနာအသင်းနှင့် တစ်သက်တာစာချုပ်သစ်တစ်ရပ်ကို ထပ်မံချုပ်ဆိုလိုက်ပြီဖြစ်တယ်လို့ လာလီဂါအသင်းက သောကြာနေ့က အတည်ပြုကြေညာခဲ့ပါတယ်။

အခုလိုစာချုပ်လိုက်တာကြောင့် အင်နီယေစတာရဲ့ အပြောင်းအရွှေ့ပုံပြင်တွေဟာ အဆုံးသတ်သွားပြီး သူ့အသက် ၁၂ အရွယ်ကတည်းက ရောက်ရှိလာတဲ့ ဘာစီလိုနာအသင်းမှာပဲ ကစားသမားဘဝကုန်ဆုံးဖို့ ရှိသွားပြီဖြစ်ပါတယ်။

“ဒါက ကျနော့်အတွက် တကယ့်နေ့ထူးဖြစ်ပါတယ်။ ရိုးရှင်းစွာပါပဲ ဒါကတော့ ဘာစီလိုနာဟာ ကျနော့်ရဲ့ အိမ်ပါ။ ဒီမှာ ဆက်လက်နေထိုင်ပြီး ကလပ်အသင်းအတွက် ကြီးမားတဲ့ အောင်မြင်မှုတွေကို ဆက်လက် အိမ်မက်နိုင်မှာဖြစ်နေလို့ပါ။ ဘာစီလိုနာဟာ ကျနော် ကြီးပြင်းရာနဲ့ တိုးတက်ရာနေရာဖြစ်ပါတယ်။”လို့ အင်နီယေစတာက ပြောပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အင်နီယေစတာဟာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ၆၃၉ ပွဲကစားထားပြီး သူဟာ သမိုင်းတလျောက် ဒုတိယပွဲထွက်ကစားခွင့်ရရှိထားသူဖြစ်ပါတယ်။

ဘာစီလိုနာလူငယ်အကယ်ဒမီထွက် အင်နီယေစတာဟာ ၂၀၀၂ ခုနှစ်၊ အောက်တိုဘာက ဘာစီလိုနာအသင်းကြီးမှာ စတင်ပွဲထွက်ခွင့်ရရှိခဲ့ကာ ပြိုင်ပွဲစုံ ၆၃၉ ပွဲမှာ ၅၅ ဂိုးအထိ သွင်းယူပေးထားနိုင်ပြီး ဆုဖလားများအနေဖြင့် လာလီဂါ ၈ ကြိမ်နှင့် ချန်ပီယံလိဂ် ၄ ကြိမ်အပြင် အခြားဆုဖလားများစွာလည်း ဆွတ်ခူးရရှိထားသူဖြစ်ပါတယ်။

သူဟာ စပိန်လက်ရွေးစင်အသင်းနှင့်အတူ ယူရိုဖလား ၂ကြိမ်နှင့် ကမ္ဘာ့ဖလား ၁ ကြိမ် အောင်မြင်မှု ရရှိထားပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required