မန်စီးတီးမှာ ယခင်ထက်ပိုမိုကောင်းမွန်သော အသင်းဖြစ်လာပြီဟု ချယ်လ်ဆီးနည်းပြ ကွန်တီဆို

မန်စီးတီးမှာ ယခင်ထက်ပိုမိုကောင်းမွန်သော အသင်းဖြစ်လာပြီဟု ချယ်လ်ဆီးနည်းပြ ကွန်တီဆို

အောက်တိုဘာ ၁၊ အင်္ဂလန် ။               ။ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင် မန်စီးတီးအသင်းကို ဝ-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရပြီးနောက် ချယ်လ်ဆီးနည်းပြကွန်တီက မန်စီးတီးအသင်းမှာ ယခင်အသင်းများထက် ပိုမိုကောင်းမွန်သော အသင်းဖြစ်လာပြီဟု ပြောဆိုလိုက်သည်။

ထိုပွဲစဉ်တွင် နှစ်သင်းစလုံးမှာ အကောင်းဆုံးကစားနိုင်ခဲ့ကြသော်လည်း မန်စီးတီးအသင်းက ဒီဘရိုင်း၏ ဧရိယာစည်းအပြင်မှ အပြင်းကန်ချက်သွင်းဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

ပြီးခဲ့သည့်နွေရာသီက အပြောင်းအရွှေ့စရိတ် ပေါင်သန်း ၂၀၀ ကျော်အသုံးပြုခဲ့ပြီးနောက် မန်စီးတီးအသင်းမှာ အလွန်တိုးတက်လာကြောင်း ကွန်တီက ဝန်ခံသည်။

"ပြီးခဲ့တဲ့ရာသီတုန်းက မန်စီးတီးအသင်းက အလွန်တောင့်တင်းတဲ့ အသင်းကောင်းတစ်သင်းပါ။ ဒါပေမဲ့ နွေရာသီအပြောင်းအရွှေ့အပြီးမှာ သူတို့အသင်း အများကြီးတိုးတက်လာပါတယ်" ဟု ကွန်တီက ဆိုသည်။

မန်စီးတီးအသင်းကိုရှုံးခဲ့ရသော်လည်း ကွန်တီက ၎င်းတို့အသင်း၏လက်ရှိအဆင့်မှာ ထိုက်တန်သည့်အဆင့်ဖြစ်ကြောင်းဆိုသည်။

" ပွဲစဉ် ၇ ပွဲပြီးသွားချိန်မှာ ကျွန်တော်တို့ အာဆင်နယ်၊ မန်စီးတီး၊ စပါး၊ အဲဗာတန်တို့နဲ့ကစားပြီးသွားပါပြီ။ ကျွန်တော်တို့ရဲ့ရာသီအစက မလွယ်ဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ရထားတဲ့ အမှတ်က ထိုက်တန်တယ်လို့ ထင်ပါတယ်" ဟု ကွန်တီက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required