သူ၏ အနာဂတ်ကို ဥက္ကဋ္ဌပီရက်ဇ်က ဆုံးဖြတ်လိမ့်မည်ဟု စီရော်နယ်ဒိုပြော

သူ၏ အနာဂတ်ကို ဥက္ကဋ္ဌပီရက်ဇ်က ဆုံးဖြတ်လိမ့်မည်ဟု စီရော်နယ်ဒိုပြော

စက်တင်ဘာ ၂၈၊ စပိန် ။                ။ ရီးယဲလ်တိုက်စစ်မှူးစီရော်နယ်ဒိုက သူ၏ အနာဂတ်ကို ဥက္ကဋ္ဌဖလော်ရင်တီနိုပီရက်ဇ်ကသာ ဆုံးဖြတ်လိမ့်မည်ဟု ပြောဆိုလိုက်သည်။

ရီးယဲလ်အသင်းက ဒေါ့တ်မွန်အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် စီရော်နယ်ဒိုသည် အနိုင်ဂိုး ၂ ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ထိုပွဲစဉ်မှာ စီရော်နယ်ဒိုအတွက် ရီးယဲလ်အသင်းနှင့်အတူ ပွဲ ၄၀၀ ပြည့်မြောက်သည့်ပွဲဖြစ်ပြီး ဂိုးပေါင်း ၄၁၀ ပြည့်မြောက်ခဲ့သည့် ပွဲလည်း ဖြစ်သည်။

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်သည့် စီရော်နယ်ဒိုသည် ရီးယဲလ်အသင်းနှင့် ၂၀၂၁ ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားသူ ဖြစ်ပြီး စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် အသက် ၃၆ နှစ်အရွယ် ရောက်ရှိနေမည် ဖြစ်သည်။

စီရော်နယ်ဒိုအား စာချုပ်သစ်ကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ရာတွင် “စာချုပ်သစ်ချုပ်ဆိုမှာလားဆိုတော့….တကယ်ကောင်းတဲ့ မေးခွန်းပါ။ သဘာဝအတိုင်းဖြစ်ပျက်နေတာတွေကို ကျွန်တော်သဘောကျပါတယ်။ ဒီမေးခွန်းအတွက်တော့ အသင်းဥက္ကဋ္ဌက ဖြေတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ကျွန်တော်နှစ်သက်တာကို လုပ်နေရတဲ့အတွက် ပျော်ပါတယ်” ဟု ဖြေဆိုခဲ့သည်။

စီရော်နယ်ဒိုသည် တစ်ပတ်လုပ်ခလစာငွေ ပေါင် ၃၆၅,၀၀၀ ဖြင့်  ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကမှ စာချုပ်သစ်ချုပ်ဆိုထားသူ ဖြစ်သည်။ သို့သော် ၎င်းက ယခုလစာငွေထက်ပိုမိုအလိုရှိနေပြီး တစ်နှစ်သက်တမ်းတိုးကာ စာချုပ်သစ်ချုပ်ဆိုရန် တောင်းဆိုထားသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required