ဒေါက်တာနေဇင်လတ်ပါတီ အမတ်လောင်းဦးရေထပ်တိုး

ရန်ကုန် (မဇ္ဈိမ) ။ ။ နိုင်ငံတော်သမ္မတ၏ နိုင်ငံရေးအကြံပေးအဖွဲ့ ခေါင်းဆောင်ဟောင်း ဒေါက်တာနေဇင်လတ် ဦးဆောင်သည့် အမျိုးသားတိုးတက်ရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်းဦးရေ ထပ်တိုးလာသည်ဟု ပါတီဥက္ကဋ္ဌ ဒေါက်တာနေဇင်လတ်က သြဂုတ် ၁၄ရက်တွင် မဇ္ဈိမကိုပြောသည်။

"ဒီနေ့နောက်ဆုံးနေ့မှာပဲ  ၃၅၀လောက်ထိရောက်သွားပြီ၊ ဒီနေ့အပြီးတင်နေတယ်။ ပြည်သူကော အမျိုးသား၊ တိုင်း/ပြည်နယ်လွှတ်တော်နေရကော ဆတူတိုးတယ်လို့ပဲ ပြောရမှာပဲ။ အများထင်နေသလို နာမည်ကြီး အစိုးရအဖွဲ့ကသူတွေ တစ်ဦးမှ မပါပါဘူးစာရင်းထဲမှာ" ဟု ၎င်းကဆိုသည်။

ဒေါက်တာနေဇင်လတ်ဦးဆောင်သည့် အမျိုးသားတိုးတက်ရေးပါတီက သြဂုတ် ၁၃ရက်ထိ ပြည်သူ့လွှတ်တော် ၁၁၁နေရာ၊ အမျိုးသားလွှတ်တော် ၅၁နေရာနှင့် တိုင်း/ပြည်နယ်လွှတ်တော် ၁၂၁နေရာ၊ စုစုပေါင်း ၂၈၃နေရာတွင် ယှဉ်ပြိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားသည်။

အမည်စာရင်းသွင်းရမည့် နောက်ဆုံးရက် သြဂုတ်လ ၁၄ရက်တွင်ပင် အမျိုးသားတိုးတက်ရေးပါတီမှ ဝင်ရောက်မည့် အမတ်လောင်း ၆၀ကျော် ထပ်မံတိုးလာသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုထားသည့် အချိန်အတွင်း အမှီတင်ပြရန် ဆောင်ရွက်နေကြောင်း ဒေါက်တာနေဇင်လတ်က ဆိုသည်။

သြဂုတ်လ ၁၄ရက်သည့် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းရန် နောက်ဆုံးနေဖြစ်ပြီး ကော်မရှင်က မူအမည်စာရင်းတင်သွင်းမှုကို ယင်းနေ့ ၆နာရီအထိ လက်ခံပေးမည်ဟု ပါတီများသို့ အသိပေးထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှသိရသည်။

အမျိုးသားတိုးတက်ရေးပါတီသည် ၂၀၁၅ခုနှစ် မတ်လတွင် ပါတီတည်ထောင်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ လျောက်ထားခဲ့ပြီး၊ ကော်မရှင် ဇူလိုင်လ ၉ရက်၊ ၂၀၁၅ခုနှစ်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ခွင့်ပြုခဲ့သည်။

လက်ရှိအချိန်ထိ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီပေါင်း ၉၀ ကကိုယ်စားလှယ်လောင်း အမည်များကို တင်တွင်းလျက်ရှိပြီး သြဂုတ် ၁၃ရက်နေ့ထိ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ အပါအဝင် ကိုယ်စားလှယ်လောင်း ဦးရေ ၅၄၀၈ ဦး စာရင်းပေးသွင်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required