ဒေသတွင်းတုန့်ပြန်မှု အားကောင်းလာတဲ့ ရခိုင်ကိစ္စ

ဒေသတွင်းတုန့်ပြန်မှု အားကောင်းလာတဲ့ ရခိုင်ကိစ္စ
Photo-EPA

Arakan Rohingya Salvation Army (ARSA) ဆိုတဲ့ အကြမ်းဖက်အုပ်စုကို တိုက်ခိုက်ရှင်းလင်းရာမှာ မြန်မာနိုင်ငံနဲ့ စစ်တပ်ချင်း ပူးပေါင်းပြီး စတင်လုပ်ဆောင်သွားလိုတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်ဘက်က ပထမဆုံးအကြိမ်အနေနဲ့ ကမ်းလှမ်းလိုက်ပါတယ်။

ယခု အဆိုပြုကမ်းလှမ်းချက်ကို ဒါကာမြို့က မြန်မာသံရုံး ယာယီတာဝန်ခံကနေတဆင့် နေပြည်တော် အစိုးရထံ တင်ပြ ကမ်းလှမ်းထားတယ်လို့လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါပေမယ့် ယင်းကမ်းလှမ်းချက်ကို မြန်မာအစိုးရဘက်က ဘယ်လိုတုန့်ပြန်မလဲ ဆိုတာနဲ့ပတ်သက်လို့ ခုထက်ထိတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အထူးသဖြင့် မြန်မာစစ်တပ်ဘက်က ယင်းကမ်းလှမ်းချက်ကို ဘယ်လိုတုန့်ပြန်မလဲ ဆိုတာကို မသိရသေးပါဘူး။

ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ကတော့ ဘင်္ဂါလီ မွတ်ဆလင်တွေကို လက်ခံပေးလိုတဲ့ ဆန္ဒရှိမနေသလို ဘင်္ဂါလီတို့ရဲ့ အကြမ်းဖက် လုပ်ရပ်တွေတိုင်းကိုလည်း ထောက်ခံနေခြင်းမရှိဘဲ ဆန့်ကျင်လျက်ရှိပါတယ်။

"နိုင်ငံတကာက ဘာလို့များ ဒီဘင်္ဂါလီတွေကို လက်ခံပေးဖို့ ကျွန်မတို့ကို ဖိအားပေးကြတာလဲ၊ ကျွန်မတို့ နိုင်ငံကိုက လူဦးရေ ပုံမှန်ထက် ပိုများနေတဲ့ ဆင်းရဲတဲ့ နိုင်ငံပါ၊ ဘင်္ဂါလီတွေ ဘင်္ဂလားဒေ့ရှ်ပဲဖြစ်ဖြစ် ဒါမှမဟုတ် တစ်ခြား နေရာတွေမှာ မဖြစ်မနေ သွားရောက်ခိုလှုံရမယ့် အခြေအနေတွေကို ဖြစ်လာအောင် မြန်မာအပေါ် ကုလနဲ့ တစ်ခြား အင်အားကြီးနိုင်ငံတွေက ဘာလို့ ဖိအားပေးနေတာလဲဆိုတာက တော်တော်လေး အံ့အားသင့်ရပါတယ်" ဆိုပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဒီပူမိုနီက မကြာသေးခင်က ပြောခဲ့ဖူးပါတယ်။

သူမဟာ လက်ရှိအချိန်မှာဆိုရင် ဘင်္ဂလားဒေ့ရှ် အာဏာရပါတီ Awami League ရဲ့ အထွေထွေအတွင်းရေးမှူး ဖြစ်သလို ပါလီမန်အတွင်း နိုင်ငံခြားရေးရာ ကော်မတီရဲ့ ဥက္ကဌလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘင်္ဂလားဒေ့ရှ် လုံခြုံရေး တာဝန်ရှိသူတွေကတော့  နိုင်ငံမှာ သောင်းကျန်းနေတဲ့ အစ္စလမ္မစ် အကြမ်းဖက်အဖွဲ့ JMB နဲ့ ကောင်းကောင်း အချိတ်အဆက်ရှိနေတဲ့ ARSA အုပ်စုကို ဆန့်ကျင်တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

JMB ဟာဆိုရင်လည်း နိုင်ငံမှာ ယမန်နှစ် ဇူလိုင် ၁ ရက်က လူအများအပြား သေဆုံးခဲ့ရတဲ့ ဒါကာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်လိုမျိုး ရက်စက်တဲ့ အကြမ်းဖက် လုပ်ရပ်တွေနဲ့အတူ အသေခံဗုံးခွဲ တိုက်ခိုက်မှုတွေကို လုပ်ဆောင်ထားခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

ယခုလက်ရှိကာလအတွင်းထိတော့ ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးတွေအနေနဲ့ ယင်းနိုင်ငံသုံး မိုဘိုင်းဖုန်းတွေကို ကိုင်တွယ် အသုံးပြုနေလျက်ရှိတဲ့ ARSA ခေါင်းဆောင်တွေကို စောင့်ကြည့်ထားလျက်ရှိတယ်လို့လည်း သိရပါတယ်။

"ကျွန်တော်တို့ ရထားသမျှ သတင်းအချက်အလက်တိုင်းကို မြန်မာထောက်လှမ်းရေး အေဂျင်စီတွေဘက်ကို ပေးပို့ထားပါတယ်" လို့လည်း ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေး အရာရှိတစ်ဦးက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ရခိုင်ပြည်နယ်က အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ အိန္ဒိယရဲ့ တုန့်ပြန်မှုကလည်း အားရစရာ ကောင်းခဲ့ပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ရာမှတော့ အကြမ်းဖက် လုပ်ရပ်မှန်သမျှအပေါ် ပြစ်တင်ရှုတ်ချကြောင်း၊ သြဂုတ် ၂၅ ရက်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း အသက်ပေးလှူသွားခဲ့ရတဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်တွေအတွက် များစွာ ဝမ်းနည်းကြေကွဲမိပါကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် အိန္ဒိယအစိုးရအနေနဲ့ ယင်းနိုင်ငံမှာ ရှိတဲ့ ဘင်္ဂါလီ ၄၀,၀၀၀ စလုံးကို နှင်ထုတ်ပစ်မယ်လို့လည်း အိန္ဒိယဝန်ကြီး ခီရန် ရီဂျူက ပြောသွားခဲ့ပါသေးတယ်။

အိန္ဒိယရော၊ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်စလုံးအနေနဲ့ ဘင်္ဂလီ ဒုက္ခသည်တွေကို လက်ခံပေးလိုခြင်း မရှိလှပေမယ့်လည်း ယင်းနှစ်နိုင်ငံစလုံးကတော့ မြန်မာအစိုးရနဲ့အတူ  ARSA ကို ကူညီချေမှုန်းပေးလိုစိတ် ရှိကြောင်း ပြသနေလျက်ရှိပါတယ်။ အဆိုပါ နှစ်နိုင်ငံစလုံးကတော့ ယင်း ARSA အကြမ်းဖက်အုပ်စုကို ယင်းနိုင်ငံတွေက အစ္စလမ္မစ် အစွန်းရောက်အဖွဲ့တွေနဲ့ ပတ်သက်မှုရှိတဲ့ အန္တရာယ်အဖွဲ့အစည်းတစ်ခုအဖြစ် ရှုမြင်ထားလျက်ရှိပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီအနေနဲ့လည်း စက်တင်ဘာ ၆ ရက်နဲ့ ၇ ရက် ၎င်းရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ မြန်မာအစိုးရကို စစ်ရေးပူးပေါင်းဆောင်ရွက်ပေးလိုတဲ့ ကမ်းလှမ်းချက်တစ်ခု ကမ်းလှမ်းလာလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။

တစ်ချိန်တည်းမှာပဲ ကျောက်ဖြူစီမံကိန်းလိုမျိုး ရခိုင်ပြည်နယ်မှာ ကြီးကြီးမားမားပါဝင်ပတ်သက်မှုတွေ လုပ်ဆောင်ထားတဲ့ အိမ်နီးချင်း တရုတ်ကတော့ ယခုလက်ရှိ ရခိုင်ကိစ္စမှာ တစ်စုံတစ်ရာ ထုတ်ဖော်ခြင်းမရှိဘဲ နှုတ်ဆိတ်နေလျက်ရှိပါတယ်။ ပါကစ္စတန်လည်း ထိုနည်းလည်းကောင်းပါပဲ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required