အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမြန်မာရေဘေးအတွက် ရန်ပုံငွေတောင်းခံ

အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမြန်မာရေဘေးအတွက် ရန်ပုံငွေတောင်းခံ
photo - IFRC

သြဂုတ် ၁၁ ရက် ။         ။ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC) ကမြန်မာနိုင်ငံ ရှိရေဘေးဒဏ် အဆိုးရွားဆုံး ခံရသောဒေသများ မှရေဘေးသင့်သူများ အတွက်နိုင်ငံတကာအရေးပေါ်ရန်ပုံငွေ တောင်းခံချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။

အမေရိကန်ဒေါ်လာ ၄ ဒဿမ ၁ သန်းနှင့်ညီမျှသည့် ဆွစ်ဖရန့်ငွေ ၄ သန်းကို မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တို့ရှိ လူဦးရေ ၅၈,၀၀၀ အတွက် တစ်နှစ်အတွင်း ကယ်ဆယ်ရေးနှင့်ပြန်လည် ထူထောင်ရေး အကူအညီများအတွက် အဓိကရည်ရွယ်ထားသည်ဟု သြဂုတ် ၁၀ ရက်နေ့က ထုတ်ပြန်သည်။

ယခုထိ ရေမြုပ်နေသည့် နေရာများ ရှိနေသေးပြီး၊ ကယ်ဆယ်ရေစခန်းနေသူများအတွက်လည်း အရေးအကူအညီများ လိုအပ်နေသေးသည်ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာသာလှရွှေ ကပြောသည်။

"နေရပ်ပြန်သွားတဲ့သူတွေမှာလည်း သူတို့ရဲ့နေအိမ်တွေနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပျက်စီးကုန်တဲ့အပြင် ရေရရှိနိုင်တဲ့နေရာတွေလည်း ညစ်ညမ်းကုန်ပြီဖြစ်ပါတယ်။" ဟု ၎င်းကဆိုသည်။

ဇူလိုင်လအတွင်း မိုးကြီးရေလျှံမှုများကြောင့် တိုင်းဒေသကြီး ခြောက်ခုနှင့် ပြည်နယ် ခြောက်ခုတို့တွင် ရေဘေးသင့်သူ တစ်သန်းဝန်းကျင်ရှိပြီး လူပေါင်း ၁၀၀ သေဆုံးခဲ့သည်ဟု မြန်မာအစိုးရက ခန့်မှန်းထုတ်ပြန်ထားသည်။

ရေဘေးစတင်ဖြစ်ပေါ်သည့် ဇူလိုင်လလယ်မှစ၍ ရေဘေးသင့်ဒေသရှိ ကြည်ခြေနီအသင်းခွဲဝန်ထမ်းများနှင့် စေတနာ့လုပ်အားရှင် ၅၀၀ ကျော်က ရေဘေးလွတ်ရာပြောင်းရွှေ့ပေးခြင်း၊ ရှေးဦးပြုစုပေးခြင်းနှင့် သိုလှောင်ထားသော အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများနှင့် သောက်ရေသန့်များထုတ်ပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယခုချိန်ထိ လူဦးရေ ၅၀,၀၀၀ ထံသို့ ကယ်ဆယ်ရေးအထောက်အပံ့များ ရောက်ရှိပြီးဖြစ်သည်ဟုလည်း ဆိုသည်။

ယခုတောင်းခံသည့် နိုင်ငံတကာရန်ပုံငွေကို လူဦးရေတစ်သိန်းအတွက် ဦးတည်ကာ ကြက်ခြေနီနှင့် လခြမ်းနီလှုပ်ရှားမှုက စုစည်းလုပ်ဆောင်မည့် လုပ်ငန်းအစီအစဉ်၌ အသုံးပြုသွားမည်ဟု ထုတ်ပြန်ထားသည်။

"ရေဘေးသင့်သူတွေအနေနဲ့ တစ်ဖက်မှာလည်း သူတို့တွေရပ်တည်နိုင်ရေးမှာ အထောက်အကူဖြစ်စေ ဖို့ငွေကြေးထောက်ပံ့တာ ၊ရေရှည်ထောက်ပံ့မှု မှာနေအိမ်တွေပြန်ဆောက်ပေးတာမျိုး ၊ရေတွင်းတွေ ၊ရေရရှိနိုင်မယ့် နေရာတွေနဲ့ ရေအိမ် စတဲ့ ရပ်ရွာလူထုအတွက် အခြေခံအဆောက်အအုံတွေ ပြန်လည်တည်ဆောက်ပေးတာမျိုးတွေ ပါဝင်မှာပါ။" ဟု IFRC ဌာနေကိုယ်စားလှယ် ဥဒယရက်ဂ်မီ ကပြော သည်။

ခန့်မှန်းခြေ စိုက်ပျိုးမြေ ဧက တစ်သန်းခန့် ရေဘေးသင့်ခဲ့ပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းများပြန်လည်ထူထောင်နိုင်ရန် အကူအညီပေးရေးသည် ကြက်ခြေနီ၏ နောက်ထပ် ဦးစားပေးလုပ်ငန်း တစ်ရပ်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required