ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မာလာလာက အောက်စဖို့ဒ်တွင် ပညာသင်ကြားခွင့်ရ

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မာလာလာက အောက်စဖို့ဒ်တွင် ပညာသင်ကြားခွင့်ရ

အောက်စဖို့ဒ်၊ သြဂုတ် ၁၈ ။            ။ ပါကစ္စတန် မွေးရပ်မြေတွင် မိန်းကလေး ပညာသင်ကြားခွင့် အရေး တက်ကြွလှုပ်ရှားမှုကြောင့် ဦးခေါင်းအား သေနတ်ဖြင့် တာလီဘန်တို့၏ အပစ်ခံခဲ့ရသူ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မာလာလာယူစွတ်ဇိုင်းက အောက်စဖို့့ဒ်တက္ကသိုလ်တွင် ပညာသင်ကြားခွင့်ရရှိကြောင်းကို သြဂုတ် ၁၇ ရက်တွင် ကြေညာလိုက်သည်။

“အောက်စဖို့ဒ်ကို သွားရမှာက အရမ်းစိတ်လှုပ်ရှားစရာပါ။”ဟု အသက် ၂၀ ရှိနေပြီဖြစ်သည့် မာလာလာက အောက်စဖို့ဒ်မှ ဒဿနိက၊ နိုင်ငံရေးနှင့် စီးပွားရေး PPE ဘာသာရပ်အတွက် တက်ရောက်သင်ကြားခွင့်ပြုသည့် ကျောင်းလက်ခံမှတ်တမ်းများနှင့်အတူ ဓာတ်ပုံများတွဲတင်ကာ တွစ်တာတွင် ရေးသားခဲ့သည်။

ဗြိတိန်နိုင်ငံတစ်ဝန်း အေအဆင့် စာမေးပွဲ ရလဒ်အား ကျောင်းသားကျောင်းသူများသို့ ထုတ်ပြန်ပြီး နောက်တစ်ရက်တွင် မာလာလာက ယခုလို ကြေညာလာခြင်းဖြစ်သည်။

မာလာလာက ၄င်း၏ ရလဒ်ကို ဖော်ပြခြင်း မရှိသော်လည်း “ခက်ခဲတဲ့ စားမေးပွဲတွေ ဖြေဆိုရတဲ့ အေအဆင့် ကျောင်းသူကျောင်းသားတွေအားလုံး ပျော်ရွှင်ပါစေ။ ဘဝသာယာဖြောင့်ဖြူးဖို့ ဆန္ဒပြုပါတယ်။”ဟု မာလာလာ ရေးသားသည်။

မာလာလာသည် အသက် ၁၅ နှစ်သမီးအရွယ် ၂၀၁၂ အောက်တိုဘာလအတွင်းက မွေးရပ်မြေ ဆွစ်တောင်ကြားဒေသတွင် စားမေးပွဲဖြေရန် ကျောင်းသို့ သွားရာ ဘတ်စ်ကားပေါ်၌ တာလီဘန်တို့၏ ခေါင်းကို သေနတ်ဖြင့် တေ့ပစ်ခံခဲ့ရခြင်းဖြစ်သည်။

ထိုသို့ ပစ်သတ်ခံရသော်လည်း အသက်ရှင်ကာ ဗြိတိန်နိုင်ငံ ဘာမင်ဂန်မြို့တွင် ကုသမှု ခံယူခဲ့ပြီး ယင်းအရပ်တွင်ပင် မိသားစုနှင့်အတူ အခြေချနေထိုင်လျက် ပညာရေးနှင့် တက်ကြွလှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်နေလျက်ရှိနေသည်။

၂၀၁၄ ခုနှစ် အသက် ၁၇ နှစ်အရောက်၌ မာလာလာသည် နိုဘယ်ငြိမ်းချမ်းရေးဆုအား အိန္ဒိယက ကလေးအခွင့်အရေး တက်ကြွလှုပ်ရှားသူ ကိုင်လက်ရှ်ဆတ်ယာသီနှင့်အတူ ပူးတွဲရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required