အသင်းပြောင်းခွင့်ပြုရန် ဆောက်သမ်တန်နောက်ခံလူဗန်ဒိုက် ဆက်လက်တောင်းဆို

အသင်းပြောင်းခွင့်ပြုရန် ဆောက်သမ်တန်နောက်ခံလူဗန်ဒိုက် ဆက်လက်တောင်းဆို

သြဂုတ် ၈၊ အင်္ဂလန် ။          ။ ဆောက်သမ်တန်အသင်းခေါင်းဆောင်ဗန်ဒိုက်သည် သူ၏လစာငွေ ၂ ပတ်စာဖြတ်တောက်ခံခဲ့ရသော်လည်း အသင်းပြောင်းခွင့်ပြုရန် ဆက်လက်တောင်းဆိုထားဆဲ ဖြစ်သည်။

ဗန်ဒိုက်သည် ပြီးခဲ့သည့် ဇူလိုင်လက အသင်းပြောင်းလိုကြောင်း ၀န်ခံခဲ့ပြီးနောက် နည်းပြ ပယ်လီဂရီနိုက တစ်ဦးတည်း လေ့ကျင့်ရန် ညွှန်ကြားခဲ့သည်။ ထို့နောက်ယခု ၎င်း၏လစာငွေ ၂ ပတ်စာကိုဖြတ်တောက်ခဲ့သည်။

ဗန်ဒိုက်က ဆောက်သမ်တန်အသင်းက ၎င်းကို စော်ကားခဲ့သည်ဟုဆိုပြီး အသင်းပြောင်းရွှေ့ခွင့်ကို ဆက်လက်တောင်းဆိုထားသည်။

“ဆောက်သမ်တန်အသင်းမှာ ရှိသူတိုင်းနဲ့ပြန်ပြီး သင့်မြတ်ချင်ပါတယ်။ လူတိုင်းနဲ့အဆင်ပြေအောင် အမြဲနေခဲ့တာပါ။ အထူးသဖြင့် ပရိသတ်တွေနဲ့ပါ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ပြဿနာတွေဖြစ်ပွားခဲ့ရပါတယ်။ အဲ့ဒီပြဿနာတွေက ကျွန်တော့်ကို အများကြီး ထိခိုက်စေပါတယ်။

ဆောက်သမ်တန်အသင်းအနေနဲ့ ကျွန်တော့်ကို ထိပ်တန်းအသင်းကြီးတွေဆီရောင်းဖို့ စဉ်းစားစေချင်ပါတယ်” ဟု ဗန်ဒိုက်က ဆိုသည်။

ဟော်လန်လက်ရွေးစင်နောက်ခံလူ ဗန်ဒိုက်ကို ဥရောပထိပ်သီးကလပ်အသင်းအများအပြားက စိတ်ဝင်စားနေခဲ့ပြီး လက်ရှိတွင် ၎င်းကို လီဗာပူးလ်အသင်းက ပေါင်သန်း ၆၀ ပေးရန် အသင့်ရှိနေသည်ဟု သတင်းများက ဆိုသည်။ ဗန်ဒိုက်ကလည်း လီဗာပူးလ်အသင်းသို့ ပြောင်းလိုကြောင်း ၀န်ခံထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required