ရှားပါးမျိုးစိတ် ကြိုးကြာအသိုက်တွေ့ရှိ၍ သတင်းပေးသူအား ကျပ် ၁ သောင်း ချီးမြှင့်

ရှားပါးမျိုးစိတ် ကြိုးကြာအသိုက်တွေ့ရှိ၍ သတင်းပေးသူအား ကျပ် ၁ သောင်း ချီးမြှင့်
ဓာတ်ပုံ - WCS (Myanmar)

ရန်ကုန်၊ ဇူလိုင်လ ၂၅ ။                     ။ ရှားပါးမျိုးစိတ်ဖြစ်သည့် ကြိုးကြာအသိုက်ကို တွေ့ရှိ ကြောင်း ပထမဆုံးသတင်းပေးပို့ခဲ့သူ အချောရွာသား ဦးစောမျိုးဆိုသူအား ဂုဏ်ပြုငွေ ကျပ် ၁ဝ,ဝဝဝ ချီးမြှင့်ခဲ့ ကြောင်း WCS (Myanmar)မှ ဇူလိုင်လ ၂၅ ရက်တွင် သတင်းထုတ်ပြန်သည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြစ်ဝကျွန်းပေါ်ဒေသတွင် အဆိုပါ ရှားပါးမျိုးစိတ် ကြိုးကြာအသိုက်တွေ့ရှိကြောင်း ပထမဆုံး သတင်းပေးပို့သူ အချောရွာသား ဦးစောမျိုးအား သစ်တောဦးစီးဌာနနှင့် သားငှက်ထိန်းသိိမ်းရေး အဖွဲ့(မြန်မာနိုင်ငံအစီအစဉ်)မှ ဇူလိုင် ၂၄ ရက်နေ့တွင် ဆုငွေ ၁ဝ,ဝဝဝ ကျပ်အား ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

အချောရွာသား ဦးစောမျိုး လိုက်လံပြသခဲ့သည့် ဥများပါရှိသော ကြိုးကြာအသိုက်မှာ ကြိုးကြာငှက် (Sarus Crane) အမျိုး အစားဖြစ်ပြီး ကမ္ဘာပေါ်တွင်သာမက မြန်မာနိိုင်ငံတွင်လည်း အလွန်ရှားပါလာသော ငှက်မျိုးစိတ်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကြိုးကြာငှက်စိတ်များမှာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် အဓိက ရှင်သန်ပေါက်ဖွားခြင်း ဖြစ်ပြီး လက်ရှိတွင် ကြိုးကြာငှက်အကောင်ရေ ၂ဝဝ မှ ၄ဝဝ အထိသာ ကျန်ရှိတော့ကြောင်း သိရသည်။

ယင်းသို့ မတွေ့ရှိမီ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ အချောရွာ အ.မ.က ကျောင်းတွင် ဇူလိုင်လ ၂၄ ရက်နေ့က ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးနှင့် ပတ်သက်ပြီး ကျောင်းသူ၊ ကျောင်းသားနှင့် ရွာသူ၊ ရွာသားများအား ဟောပြောပွဲ ပြုလုပ်ခဲ့သည်။  ပွဲတွင် ကြိုးကြာဥအသိုက် သတင်းပေးပို့ပါက ဂုဏ်ပြုခြင်းအစီအစဉ်ရှိကြောင်း ထည့်သွင်းပြောခဲ့သည်။

ထို့နောက် အချောရွာသား ဦးစောမျိုးက မြံုးထောင်ရာမှ ကြိုးကြာဥအသိုက်ကိုတွေ့ရှိ ခဲ့ကာ  ပထမ ဆုံးသတင်းလာရောက်ပေးခဲ့ပြီး အသိုက်တည်နေရာကို လိုက်လံပြခဲ့ခြင်းဖြစ်ကြောင်း WCS (Myanmar) ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required