ဇူလိုင် ၁၇၊ အီတလီ ။ ။ လီဗာပူးလ်အသင်းမှ ဘရာဇီးကွင်းလယ်ကစားသမား လူးကပ်စ်သည် လာဇီယိုအသင်းနှင့်စာချုပ် ချုပ်ဆိုရန် ရောမမြို့သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ရောမလေဆိပ်တွင် လူးကပ်စ်သည် လာဇီယိုအသင်း၏လည်စည်းပဝါကို ကိုင်ကာ ဓာတ်ပုံရိုက်ခဲ့သောကြောင့် လာဇီယိုသို့ ရောက်ရှိရန် သေချာသွားပြီ ဖြစ်သည်။
လာဇီယိုအသင်းသည် ၎င်းတို့၏အဓိကကွင်းလယ်ကစားသမား ဘစ်ဂလီယာ အေစီမီလန်အသင်းသို့ ပြောင်းရွှေ့သွားသောကြောင့် လူးကပ်စ်နှင့် အစားထိုးခဲ့ခြင်း ဖြစ်သည်။ လူးကပ်စ်အတွက် လာဇီယိုအသင်းက လီဗာပူးလ်သို့ ပြောင်းရွှေ့ကြေးပေါင် ၅ သန်းပေးချေရမည်ဟု သတင်းများက ဆိုသည်။
လူးကပ်စ်သည် ဟောင်ကောင်သို့သွားသည့် လီဗာပူးလ်အသင်း၏ရာသီကြို ခြေစမ်းခရီးစဉ်တွင် ကျန်ရစ်ခဲ့ပြီး အီတလီသို့ လာရောက်ခြင်းဖြစ်သည်။
အသက် ၃၀ အရွယ်ရှိလူးကပ်စ်သည် လီဗာပူးလ်အသင်းတွင် ၂၀၀၇ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ၁၀ နှစ်ကြာ ကစားခဲ့သူ ဖြစ်သည်။ လီဗာပူးလ်အတွက် ပွဲပေါင်း ၃၄၄ ပွဲကစားပြီး ၇ ဂိုးသွင်းယူပေးခဲ့သည်။ ၁၀ နှစ်အတွင်း လီဗာပူးလ်နှင့်အတူ ရှုံးထွက်လိဂ်ဖလားတစ်လုံးသာ ရရှိခဲ့သည်။
ရည်ညွှန်း ဒေးလီးမေးလ်