အိုင်အက်စ်တို့ ကျုးလွန်သည်ဆိုသော မန်ချက်စတာ ဗုံးကွဲမှု ကလေးများအပါအဝင် သေဆုံး ၂၂ ဦးထိ ရှိလာ

အိုင်အက်စ်တို့ ကျုးလွန်သည်ဆိုသော မန်ချက်စတာ ဗုံးကွဲမှု ကလေးများအပါအဝင် သေဆုံး ၂၂ ဦးထိ ရှိလာ

မန်ချက်စတာ၊ မေ၂၃ ။           ။ ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့က ဂီတပွဲတစ်ရပ်တွင် ဖြစ်ပွားသော အသေခံဗုံးခွဲမှုကို အိုင်အက်စ်က ၎င်းတို့ကျူးလွန်ကြောင်း ကြေညာသည်။

အမေရိကန် အဆိုတော် အာရီယာနာဂရန့်၏ ဂီတဖျော်ဖြေပွဲတွင် ဖြစ်ပွားခဲ့သော အဆိုပါဗုံးခွဲတိုက်ခိုက်မှုတွင် သေဆုံးသူ ၂၂ ဦးရှိလာခဲ့ရာ ကလေးငယ်များပါ ပါဝင်ကြောင်း ရဲကပြောသည်။ ဒဏ်ရာရသူက ၅၉ ဦးထိ ရှိကြောင်းလည်း သိရသည်။

လူမှုမီဒီယာကနေ အိုင်အက်စ်တို့ ထုတ်ပြန်မှု၌ "ကာလိဖိရ်နိုင်ငံတော်(အစ္စလာမ်မစ်နိုင်ငံတော်) စစ်သည်တစ်ဦးက လူအုပ်အတွင်း ဖောက်ခွဲပစ်ခဲ့တာပါ။" ဟု ဖော်ပြထားပြီး နောက်ထပ် တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်ဦးမည်ဟုလည်း ခြိမ်းခြောက်ထားသည်။

ယခုတိုက်ခိုက်မှုအတွက် ဗြိတိန်ဘုရင်မကြီး ကိုယ်တိုင် ဝမ်းနည်းကြောင်း ဖွင့်ဟပြောဆိုပြီး ဝန်ကြီးချုပ် ထရီဆာမေကလည်း စိတ်ပျက်စဖွယ် အစွန်းရောက်တိုက်ခိုက်မှုအဖြစ် ရှုတ်ချကာ “သေဆုံးဒဏ်ရာရသူ မိသားစုများနဲ့ ကျွန်မတို့အားလုံး ထပ်တူခံစားရပါတယ်။”ဟု ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုအပေါ် အစ္စရေးနိုင်ငံတွင် ရောက်ရှိနေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဝမ်းနည်းကြောင်း ပြောဆိုခဲ့သည်။

ကနေဦး သတင်းများတွင် မေ ၂၂ ရက် ဂရင်းနစ်စံတော်ချိန် ၂၁၄၅ နာရီတွင် ဖြစ်ပွားသည်ဆိုသော ယခုအကြမ်းဖက်တိုက်ခိုက်မှုမှာ လူ ၂၁၀၀၀ ဆံ့ ရှိုးပွဲရုံတွင် အာရီယာနာ ဖျော်ဖြေမှုအပြီး ပွဲရုံအဝင်ခန်းမနေရာ၌ ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

အမေရိကန်အဆိုတော် အာရီယာနာလည်း ယခုဖြစ်ရပ်ကြောင့် စိတ်မကောင်း ဝမ်းနည်းရကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required