နမ္မတူတွင် လက်နက်ကိုင်လေးဖွဲ့ ဆုံနေသောကြောင့် ဒေသခံများစိုးရိမ်ပြီးနေရပ်စွန့်ခွာ

နမ္မတူတွင် လက်နက်ကိုင်လေးဖွဲ့ ဆုံနေသောကြောင့် ဒေသခံများစိုးရိမ်ပြီးနေရပ်စွန့်ခွာ
(ဓာတ်ပုံ-အီးပီအေ)

ရန်ကုန်၊ မေ ၁၅ ။            ။ ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် ရှမ်းပြည်တိုးတတ်ရေးပါတီ (SSPP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ တအောင်း/ ပလောင်အဖွဲ့ (TNLA) နှင့် တပ်မတော်တို့ လေးဖွဲ့ဆုံနေသောကြောင့် အနီးအနားရှိ ဒေသခံများစိုးရိမ်ပြီး နေရပ်စွန့်ခွာလာမှုများရှိနေသည်ဟု နမ္မတူ စစ်ရှောင်စခန်း အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က မဇ္ဈိမသို့ပြောသည်။

လက်ရှိအချိန်တွင် နမ္မတူဘက်အခြမ်း အနီးဝန်းကျင်ရှိ ဆိုက်ဒ်ခေါင် အုပ်စုရွာ ၈ရွာမှ လူ ၃၀၀ ကျော်ခန့် စစ်ရှောင်လာခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ မေ ၁၁ ရက်မှ မေ ၁၅ ရက်အထိ နမ္မတူရှိ ရွှေမြင်သာကျောင်းကို စစ်ရှောင်လာကြတာဖြစ်ပြီး စားဝတ်နေရေး အခက်တွေ့နေသည်ဟု သိရသည်။

ရှမ်းလူငယ် တိုင်းယူအဖွဲ့ ရှမ်းမြောက်တာဝန်ခံ စိုင်းဟန်က “(TNLA) ညညဆိုရွာထဲတွေဝင်လာတယ်သေနတ်ဖောက်တယ်။ အဲ့ဒါနဲ့ ရွာသားတွေကမနေရဲတော့ အားလုံးက ဒီရွှေမြင်သာကျောင်းကို   ပြေးကုန်ကြတာပဲ" ဟု လက်ရှိအခြေနေကိုပြောပြသည်။

အဆိုပါကိစ္စကြောင့် တအောင်း/ ပလောင်အဖွဲ့ (TNLA) ကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

နမ္မတူ ရွှေမြင်သာကျောင်းကိုစစ်ရှောင်လာသူ ၃၀၀ ကျော်ရှိနေခြင်းဖြစ်ပြီး အချို့မှာ နီးစပ်ရာ ဆွေမျိုးအိမ်များသို့ ထွက်ခွာသူအချို့လည်း ရှိကြောင်းသိရသည်။ စစ်ရှောင်လာသည့် ဆိုက်ဒ်ခေါင် အုပ်စု ရွာ ၈ရွာတွင် စုစုပေါင်းခန့်မှန်းချေ လူ ၅၀၀ ကျော်ခန့်ရှိနိုင်ကြောင်း ကိုစိုင်းဟန်က ခန့်မှန်း ပြောဆိုသည်။

လက်နက်ကိုင် လေးဖွဲ့ ဆုံနေသည်ဟုဆိုသော်လည်း ထိပ်တိုက်တွေ့ဆုံနေခြင်းမျိုးမဟုတ်ဘဲ တစ်ဖွဲ့ကို တစ်ရွာစီ စခန်းချနေခြင်းမျိုးဖြစ်သည်ဟု သိရသည်။

“တစ်ဖွဲ့နဲ့တစ်ဖွဲ့က တစ်မိုင်အဝေးလောက်မှာပဲရှိတော့တယ်ဗျ" ဟု ကိုစိုင်းဟန်ကပြောသည်။

တအောင်း/ ပလောင်အဖွဲ့ (TNLA) အနေဖြင့် ပန်ဝိုးရွာတွင် စခန်းချထားသည်ဟု ဒေသခံများပြောဆိုချက်ကို ကိုးကားပြီး နမ္မတူစစ်ရှောင်စခန်း အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်ကဆိုသည်။ သို့သော် အခြားအဖွဲ့များ မည်သည့်နေရာတွင် ရှိနေသည်ကို မဇ္ဈိမက အတည်ပြုနိုင်ခြင်း မရှိပေ။

“တိုက်ခိုက်မှုတွေဘာတွေတော့ မန်တုံဘက်ကတော့ ရှိတယ်လို့ကြားတယ်ခင်ဗျ။ ကျွန်တော်တို့ နမ္မတူဘက်အခြမ်းကတော့ မရှိသေးပါဘူး" ဟု နမ္မတူ စစ်ရှောင်စခန်း အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က ပြောဆိုလိုက်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly