အိမ်စီးကားဖြင့် သယ်လာသည့် ပိတောက်သစ်များ မူဆယ်လမ်းတွင် ထပ်ဖမ်းမိ

အိမ်စီးကားဖြင့် သယ်လာသည့် ပိတောက်သစ်များ မူဆယ်လမ်းတွင် ထပ်ဖမ်းမိ
ဓာတ်ပုံ - ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း

ရန်ကုန်၊ မေလ ၆ ။          ။ မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ သုံးမိုင်အကွာ မိုင်လီရွာ နတ်စင်အနားတွင် Alphard အိမ်စီးကားဖြင့် သယ်ဆောင်လာသည့် အရည်အသွေးမြင့် ပိတောက်သစ်များအား မေလ ၆ ရက်၊ မွန်းတည့် ၁၂ နာရီတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ပိတောက်သစ်များကို လားရှိုးသစ်တောရဲတပ်ဖွဲ့မှ သတင်းပေးချက်အရ ရေပူအမြဲတမ်း စစ်ဆေးရေး အဖွဲ့မှ အဆိုပါ ရဲတပ်ဖွဲ့နှင့်အတူ လှည့်ကင်းကားဖြင့် ပိတ်ဆို့ဖမ်းဆီးခဲ့ရာ Alphard အမျိုးအစားအိမ်စီးကားမှာ ရေပူဂိတ်မှ သုံးမိုင်အကွာ မိုင်လီရွာ၊ နတ်စင်လမ်းကြားအတွင်းသို့ မောင်းပြေးခဲ့ပြီး ထိုနေရာတွင် ကားရပ်ထား ခဲ့ကာ ကားပိုင်ရှင်မှာ ထွက်ပြေးလွတ်မြောက်သွားကြောင်းသိရသည်။

“ ကားပိုင်ရှင်ကတော့ ကိုယ်တို့လိုက်ဖမ်းတော့ မောင်းပြေးပြီး လမ်းမှာ ကားရပ်ပြီး ထွက်ပြေးသွားတယ်။ ကားနဲ့ သစ်တွေတော့ ရလိုက်တယ်။ သစ်ကတော့ ပိတောက်သစ်တွေပဲ။ မတိုင်းရသေးဘူး။ အရည်အသွေးကတော့ တော်တော်ကောင်းတယ်”ဟု ရေပူအမြဲ တမ်းစစ်ဆေးရေးစခန်း ပူးပေါင်း စစ်ဆေးရေးအဖွဲ့ တာဝန်ခံ၊ အကောက်ခွန် ဦးစီးဌာနရုံးချုပ် ဒုတိယ ညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က ပြောသည်။

ဖမ်းဆီးရမိသည့် Alphard အမျိုးအစားအိမ်စီးကားကို သိန္တွီမြို့နယ်ရဲစခန်းသို့ လွဲပြောင်းပေးသွား မည် ဖြစ်ပြီး တရားမဝင်သယ်ဆောင်လာသည့် အရည်အသွေးမြင့် ပိတောက်သစ်များကို လားရှိုးမြို့နယ် သစ်တော ဦးစီးဌာနသို့ လွဲပြောင်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းဂိတ်မှ နေ့စဉ် ကုန်တင်ကားပေါင်း ၅ဝဝဝ မှ ၆ဝဝဝ ထိ ဖြတ်သန်းသွား လာနေပြီး ဖြတ်သန်းနေသောကားများမှ တရားမဝင် သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများ၊ မှောင်ခို ကျောက်စိမ်းများနှင့် သစ်များ၊ အရည်အသွေးမမှီသည့် စားသောက်ကုန်များ၊ အခွန်မဲ့စားသောက်ကုန်စည်များ နှင့် အသုံးအဆောင်ပစ္စည်းများကို ဇန်နဝါရီလ ၁၆ ရက် နေ့မှ စတင်ကာ ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းအဖွဲ့ ၁၂ ဖွဲ့ဖြင့် စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required