လွှတ်တော်အတွင်း နေရာလစ်လပ်မှုများမှသာ ကြားဖြတ်ရွေးကောက်ပွဲလုပ်သင့်ဟု ဆို

လွှတ်တော်အတွင်း နေရာလစ်လပ်မှုများမှသာ ကြားဖြတ်ရွေးကောက်ပွဲလုပ်သင့်ဟု ဆို

ရန်ကုန်၊ ဧပြီ ၃ ။           ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လစ်လပ်နေသည့် မဲဆန္ဒနယ်များသည် နေရာလစ်လပ်မှု များများရှိမှသာ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်သင့်သည်ဟု Asian Network for free Elections (ANFREL) မှ Chairperson Mr. Damaso G. Magbual က ပြောဆိုလိုက်သည်။

 “ဘာကြောင့်လည်းဆိုတော ့နံပတ် ၁ အချက်ကတော့ ရွေးကောက်ပွဲတွေဟာ ကုန်ကျစရိတ် များပါတယ်။ အချိန်ပေးရတယ်။ နောက်တစ်ချိန်ထဲမှာပဲ ရွေးကောက်ပွဲဆိုတာက ထွက်ငွေပဲရှိတဲ့ လူအားဖြင့်လည်း ကုန်တယ်။ ငွေအားဖြင့်လည်း ကုန်တဲ့အတွက်ကြောင့်မို့လို့ အကယ်၍တကယ်ပဲ လွတ်တော်ထဲမှာရှိတဲ့ နိုင်ငံရေးချိန်ခွင်လျှာကို သွားပြီးထိခိုက်နိုင်တဲ့အချိန်လောက်မှ ဒါမှမဟုတ်လည်း ရွေးကောက်ပွဲမှာဒီထက်ပိုပြီးတော့ ဒီလောက်နေရာထက်မက များများလစ်လပ်နေတဲ့အခါမှသာ လုပ်သင့်တယ်လို့မြင်ပါတယ် ”ဟု  ၄င်းကပြောဆိုသည်။

“နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့၏ မြန်မာနိုင်ငံ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲများအပေါ် ကြားဖြတ်တွေ့ရှိချက် အစီရင်ခံစာထုတ်ပြန်ခြင်း” အမည်ဖြင့် Micasa Hotel တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအပြီး မီဒီယာများကိုဖြေကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူများစိတ်ဝင်စားမှုနည်းရခြင်းမှာ ကြားဖြတ် ရွေးကောက်ပွဲလုပ်ပါက အစိုးရလည်းပြောင်းသွားမမည်မဟုတ်ဘဲ၊ အာဏာခွဲဝေမှုမှုများလည်း ပြောင်းလဲသွားမည် မဟုတ်သောကြောင့်လည်းဖြစ်နိုင်ကြောင်း ၄င်းကမှတ်ချက်ပြုသည်။

ပြည်ထောင်စုရွေးကောက်ပွဲဥပဒေတွင် ကြားဖြတ်ရွေးကောက်ပွဲ မည်သည့်အချိန်တွင် ကျင်းပရမည်ဆိုသည်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ဆုံးဖြတ်ရခြင်းဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲအား လွှတ်တော်သက်တမ်း ပထမ နှစ်နှစ်နှင့် တစ်နှစ်အတွင်း ကျင်းပရန်သတ်မှတ်ထားပြီး ဒုတိယနှစ်မှစပြီး လစ်လပ်သွားပါက ၆ လအတွင်း ကျင်းပပေးရမည်ဟု ဥပဒေတွင် သတ်မှတ်ထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး  ဦးတင်ထွန်းက ရွေးကောက်ပွဲကော်မရှင်က အဲ့ဒီဥပဒေအတိုင်းလိုက်နာရတာပါဟု ဆိုသည်။

ဧပြီ ၁ရက်နေ့က ကျင်းပခဲ့သည့်  ကြားဖြတ်ရွေးကောက်ပွဲရှိ လစ်လပ်မဲဆန္ဒနယ် ၁၉နေရာအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ၉နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)က ၆နေရာ၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က ၂နေရာ၊ ရခိုင်အမျိုးသားပါတီ(ANP)က ၁နေရာနှင့် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီက ၁နေရာ အနိုင်ရရှိခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

ANFREL အပါအဝင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသည့် အဖွဲ့များကမူ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲသည် လွတ်လပ်ပြီး၊ မျှတသည့် ရွေးကောက်ပွဲတစ်ခုဖြစ်သော်လည်း ပြည်သူများအနေဖြင့် ၂၀၁၅ ကြားရွေး ကောက်ပွဲ ထက်စာလျှင် စိတ်ဝင်စားမှုနည်းသည်ကို တွေ့ရကြောင်း ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required