YouTube ပေါ်တွင် ပြန့်နှံ့ခဲ့သည့် ကင်မ်ဂျံုနမ်၏ သားဖြစ်သူ ဗီဒီယိုကို တောင်ကိုရီးယား အတည်ပြု

YouTube ပေါ်တွင် ပြန့်နှံ့ခဲ့သည့် ကင်မ်ဂျံုနမ်၏ သားဖြစ်သူ ဗီဒီယိုကို တောင်ကိုရီးယား အတည်ပြု

မတ် ၈ ။        ။ မလေးရှားတွင် လုပ်ကြံခံလိုက်ရသည့် ကင်မ်ဂျံုနမ်၏ သားဖြစ်သူဟု ယုံကြည်ရသော ကင်မ်ဟန်ဆိုးလ် ဆိုသူ လူငယ်တစ်ဦး ပါ၀င်သော ဗီဒီယိုတစ်ခု YouTube ပေါ်သို့ တက်လာခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ယင်းဗီဒီယိုပါ လူငယ်အမျိုးသားမှာ အမှန်တကယ်ပင် ကင်မ်ဂျံုနမ်၏ သားဖြစ်သူ ဖြစ်ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အဖွဲ့က အတည်ပြုပေးသွားခဲ့သည်။

အဆိုပါ စက္ကန့် ၄၀ ကြာ ဗီဒီယိုတွင် တွေ့မြင်ရသည့် လူငယ်အမျိုးသားက " ကျွန်တော့်နာမည် ကင်မ်ဟန်ဆိုးလ်ဖြစ်ပါတယ်၊ မြောက်ကိုရီးယားကပါ၊ ကင်မ် မိသားစုဝင်တစ်ဦး ဖြစ်ပါတယ်" ဟု  ပြောကြားထားသည်ကို တွေ့ရသည်။

" ကျွန်တော့်အဖေက ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အသတ်ခံခဲ့ရပါတယ်၊ ကျွန်တော် လောလောဆယ်မှာတော့ ကျွန်တော့်အမေရယ်၊ အမ ရယ် အတူ ရှိနေပါတယ်၊ မကြာခင် အခြေအနေတွေ ပုံမှန် ပြန်ဖြစ်မယ်လို့လည်း ကျွန်တော်တို့ မျှော်လင့်နေကြပါတယ်" ဟု ၎င်းအမျိုးသားက ပြောကြားပေးထားသည်။

အဆိုပါ ဗီဒီယိုထဲမှ ပုဂ္ဂိုလ်မှာ ကင်မ်ဟန်ဆိုးလ် ဖြစ်ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီက ပြောရေးဆိုခွင့် ရှိသူတစ်ဦးက အတည်ပြုပေးသွားသည်။

သို့ရာတွင်လည်း ၎င်းက ကင်မ်ဟန်ဆိုးလ်၏ လက်ရှိ နေထိုင်နေသည့် အရပ်ဒေသ ၊ အခြား အသေးစိတ်အချက်အလက်များနှင့်ပတ်သက်၍  ပြောဆိုသွားခဲ့ခြင်း မရှိပေ။

အသက် ၂၁ နှစ်ခန့်ရှ် ကင်မ်ဟန်ဆိုးလ်မှာ ပါရီမြို့မှ တက္ကသိုလ်တစ်ခုကို တက်ရောက်သင်ကြားထားခဲ့သည်ဟု ယုံကြည်ရပြီး ၎င်း၏ မိသားစုနှင့်အတူ မကာအိုတွင် နေထိုင်နေခဲ့သေးသည်ဟုလည်း သိရသည်။

ယခုအခါ ၎င်းတို့မိသားစု မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို သိရှိရသေးခြင်း မရှိသော်လည်း လုံခြံုဘေးကင်းသည့် နေရာတွင် ပြောင်းရွှေ့နေထိုင်နေကြသည်ဟုလည်း ယုံကြည်ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required