မန်းရွှေစက်တော်ဘုရားပွဲတွင် ခွင့်ပြုချက်မရှိ တိုးချဲ့ခဲ့သည့် တည်းခိုဆောင်များအား အရေးယူ

မန်းရွှေစက်တော်ဘုရားပွဲတွင် ခွင့်ပြုချက်မရှိ တိုးချဲ့ခဲ့သည့် တည်းခိုဆောင်များအား အရေးယူ

မန်းရွှေစက်တော် ဘုရားပွဲတော်တွင် မူလခွင့်ပြုချက် မရှိဘဲ ဆောက်လုပ်ခဲ့သည့် တိုးချဲ့တည်းခိုဆောင်များအား မတ်လ(၇) ရက်နေ့ နံနက်ပိုင်းတွင် ဘုရားကြီးဂေါပကအဖွဲ့မှ ကွင်းဆင်းစစ်ဆေး အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ယင်းသို့လိုက်လံ စစ်ဆေးရာတွင် မူလခွင့်ပြုချက်မရှိဘဲ တည်းခိုဆောင်ပိုင်ရှင်၂၃ ဦးမှ တည်းခိုဆောင် ၄၃ ခန်း ဆောက်လုပ်ထားသည်ကို တွေ့ရှိရကြောင်း ဂေါပကအဖွဲ့ထံမှ သိရှိရသည်၊

၂၀၁၇ခုနှစ် မန်းရွှေစက်တော် ဘုရားပွဲအတွက် တည်းခိုဆောင်များ လုပ်ကိုင်ခွင့်ချထားခဲ့စဉ်က လိုက်နာရမည့် စည်းကမ်းချက်တွင် မူလတည်းခိုဆောင်အပြင် တိုးချဲ့ဆောက်လုပ်ခြင်း မပြုရဟု ပါရှိကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

“ အခုလို မူလခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်တဲ့ တည်းခိုဆောင် ပိုင်ရှင်တွေကို ဒဏ်ကြေးငွေ ပေးဆောင်ခိုင်းထားပါတယ်။ အဆောက်အဦတွေကိုလည်း ဖျက်သိမ်းဆောင်ရွက်သွားဖို့ မတ်လ ၈ ရက်နေ့အထိအချိန်ပေးထားပါတယ်။ လိုက်နာဆောင်ရွက်ခြင်းမရှိရင် လုပ်ငန်းလုပ်ကိုင်ခွင့်ကို ချက်ခြင်း ရုတ်သိမ်းပြီး ဥပဒေစည်းမျဉ်း စည်းကမ်းအတိုင်း အရေးယူဆောင်ရွက်သွားပါမယ်ဟု   ရွှေစက်တော်ဘုရား ဂေါပကဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောသည်။

ခွင့်ပြုချက်မရှိဘဲ တည်းခိုဆောင်ခန်း ဆောက်လုပ်ထားသည့် ၄၃ ခန်းအတွက် ဒဏ်ငွေကျပ် ၁၂၇၀၀၀၀၀ ရရှိမည်ဖြစ်ကာယင်းဒဏ်ကြေးငွေများအား ရွှေစက်တော်ဘုရားကြီး ရန်ပုံငွေ ဘဏ္ဍာငွေအဖြစ် ပေးသွင်းရမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရှိရသည်။

ဂေါပကအဖွဲ့က စည်းမျဉ်းစည်းကမ်းနဲ့ မညီတဲ့ တည်းခိုဆောင်တွေကို ထိထိရောက်ရောက် အရေးယူသလို ဘုရားဖူးပြည်သူတွေကို သတ်မှတ်ထားတဲ့ စျေးနှုန်းထက် ပိုယူတဲ့ တည်ခိုဆောင် ပိုင်ရှင်တွေကိုလည်း ကွင်းဆင်းစစ်ဆေးပြီး ထိထိရောက်ရောက် အရေးယူသင့်ပါတယ်။ ဘုရားဖူးစည်ရင် စည်သလို ရိုက်စားလုပ်နေတဲ့ တည်းခိုဆောင်တွေလည်း အများကြီး ရှိနေပါတယ်”ဟု တည်းခိုဆောင်လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required