ဘရာဇီးတွင် ကာနီဗယ်လ် အလှပြယာဉ်ပြိုလဲ၍ လူ ၁၁ဦး ဒဏ်ရာရရှိခဲ့

ဘရာဇီးတွင် ကာနီဗယ်လ် အလှပြယာဉ်ပြိုလဲ၍ လူ ၁၁ဦး ဒဏ်ရာရရှိခဲ့

ဘရာဇီးနိုင်ငံတွင် ကာနီဗယ်လ်ပွဲတော်ပြုလုပ်နေလျက်ရှိရာ ဆမ်ဘာအကများဖြင့် ချီတက်လမ်းလျှောက်မှု လေးကြိမ်မြောက်တွင် အလှပြယာဉ်ပေါ်မှ ကပြဖျော်ဖြေသူများ၏ အလေးချိန်ကြောင့် ယာဉ်ပြိုလဲခဲ့ရာလူပေါင်း ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ ဖြစ်ရပ်သည် မနက်သုံးနာရီဝန်းကျင်၌ ရီယိုဒီဂျနေးရိုးရှိ ဆမ်ဘိုဒရိုမိုရင်ပြင်၌ ယူနီဒို့စ်ဒါတီဂျူကာသို့ အလှပြချီတက်ရာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သောတနင်္ဂနွေနေ့ကလည်း အလှပြယာဉ်တစ်စီးသည် ဘေးမှရပ်ကြည့်နေသော ပရိသတ်များကို ဝင်တိုက်ခဲ့မိ၍ လူပေါင်း၂၀ခန့် ဒဏ်ရာရရှိခဲ့သည်။

မြူနီစပယ်ကျန်းမာရေးအာဏာပိုင်များက ဒဏ်ရာရရှိခဲ့သော ၁၁ ဦးတွင် နှစ်ဦးသည် ဒဏ်ရာပြင်းထန်ကြောင်း ပြောခဲ့သည်။

အလှပြယာဉ်ပြိုလဲမှုအပြီးတွင် လူနာတင်ယာဉ်များ ရောက်ရှိလာခဲ့ပြီး ဒဏ်ရာရရှိသူများကို ကယ်ထုတ်သွားခဲ့ကာ ရဲများက ဒါဇင်နှင့်ချီသောဓာတ်ပုံဆရာများကို အခင်းဖြစ်ပွားရာသို့ မကပ်နိုင်အောင် တားဆီးခဲ့ကြသည်။

“ကျွန်တော်က အလှပြယာဉ်ရဲ့ ဘယ်ဘက်စင်မြင့်ပေါ်မှာ ရှိနေခဲ့တာပါ။ ပြီးတော့ ရုတ်တရက်ဆိုသလို ညာဘက်ခြမ်းကြီး ပြိုကျသွားတာကို မြင်ခဲ့ရပါတယ်” ဟု ကပြဖျော်ဖြေသူ ရိန်ဆာရီဘာရီယိုက ပြောခဲ့သည်။

ပြီးခဲ့သောတနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သောမတော်တဆမှုတွင်လည်း အလှပြယာဉ်သည် လူအုပ်ကြီးထဲသို့ တိုးဝင်ရောက်ရှိလာခဲ့ပြီး လူအများအပြားကို ဒဏ်ရာရစေခဲ့ကာ ဂျာနယ်လစ် တစ်ဦးအပါအဝင် လူ ၈ ဦးကို ဆေးရုံတင်ခဲ့ရပြီး လူ ၃ ဦးမှာ စိုးရိမ်ရသောအခြေအနေတွင် ရှိသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required