အငတ်ဘေးကျနေတဲ့ တောင်ဆူဒန်တွင် လူပေါင်းများစွာတို့ အသက်ရှင်သန်ရေးအတွက် ပေါင်းပင်၊ ရေကြာပင်တို့ကိုပင် စားသောက်နေကြရဟုဆို

အငတ်ဘေးကျနေတဲ့ တောင်ဆူဒန်တွင် လူပေါင်းများစွာတို့ အသက်ရှင်သန်ရေးအတွက် ပေါင်းပင်၊ ရေကြာပင်တို့ကိုပင် စားသောက်နေကြရဟုဆို

ဖေဖော်ဝါရီ ၂၈ ။                   ။ တောင်ဆူဒန်နိုင်ငံက မိသားစုထောင်ပေါင်းများစွာတို့ဟာ အစားအစာ ပြတ်လပ်မှု ဒဏ်ကို ခံစားနေကြရင်းနဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရဲ့ ရန်ကနေလည်း လွတ်အောင် ရွံနွံတွေ၊ နိုင်းမြစ်အနီး ကျွန်းစုတွေအတွင်း ထွက်ပြေးပုန်းရှောင်နေကြရပါတယ်။

ခုလို နေရာတွေ ပြောင်းရွှေ့ခိုလှုံနေကြရတာလည်း သူတို့တွေအတွက် တကယ့်ကို မလွယ်တဲ့ကိစ္စဖြစ်ပါတယ်။ ထွက်ပြေးနေကြသူ မိသားစုတွေမှာ အစားအသောက် ဝယ်စားဖို့ ပိုက်ဆံလည်း မရှိကြပါဘူး။ သီးနှံတွေ စိုက်ပျိုးစားသောက်ဖို့လည်း မတတ်နိုင်ကြပါဘူး။ သူတု့ိတွေ အသက်ဆက်ရှင်သန်နိုင်ဖို့အတွက် ကြာမြစ်တွေနဲ့ ချောင်းမြောင်းထဲက သားငါးတွေကိုပဲ ရှာဖွေစားသောက်နေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ယင်းနိုင်ငံရဲ့ ဒေသတစ်ချို့မှာ ဆိုးရွားလှတဲ့ အငတ်ဘေး ကျရောက်နေပြီဖြစ်တယ်လို့ ကမ္ဘာ့ ကုလသမဂ္ဂကပါ ထုတ်ပြန်ကြေညာသွားခဲ့ရပါတယ်။ ခုလို အဖြစ်ဆိုးကို ကမ္ဘာကြီးပေါ်မှာ ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်တွေ့ရခြင်းလည်း ဖြစ်ပါတယ်။ ယခုဆိုရင် နိုင်ငံလူဦးရေရဲ့ ထက်ဝက်နီးပါး ရှိတဲ့ လူပေါင်း  ၅သန်းခွဲလောက်အတွက် လာမယ့် ဇူလိုင်လ မတိုင်ခင် လုံလောက်တဲ့အစားအသောက် အရင်းအမြစ်တွေ ရှိတော့မှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

အခုလို အဖြစ်ဆိုးကပ်ဘေး က လူတွေကြောင့် ဖြစ်လာရတာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့သက်တမ်းအနုဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သလို ရေနံကြွယ်ဝတဲ့ တောင်ဆူဒန်ဟာ ပြီးခဲ့တဲ့ ၂၀၁၃ မှာပဲ ပြည်တွင်းစစ် စတင်ပေါ်ပေါက်လာခဲ့ရာကနေ ယခုလို ကပ်ဘေးတွေပါ ကျရောက်ခဲ့သည်အထိ ဆိုးရွားခဲ့ရပါတယ်။

၂၀၁၃ ခုနှစ်လောက်က သမ္မတ ဆယ်လ်ဗာ ကီရာ က သူ့ရဲ့လက်ထောက် ဒုသမ္မတ ရိခ် မာချာ ကို ထုတ်ပယ်လိုက်တာကနေစပြီး နှစ်ဘက်အကြား ပဋိပက္ခတိုက်ပွဲတွေ စပေါ်ပေါက်လာပြီး ပြည်တွင်းစစ်တစ်ခုအသွင် ဆောင်သွားခဲ့တာဖြစ်ပါတယ်။

ယခုဆိုရင် အငတ်ဘေးကျရောက်နေတဲ့ ယင်းနိုင်ငံက ပြည်သူတွေအတွက်ကတော့ အရေးပေါ် နိုင်ငံတကာအကူအညီတွေ လိုအပ်နေပြီ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required