CSSU က ရှမ်းလူမျိုးအဆင့် နိုင်ငံရေးအကြိုဆွေးနွေးပွဲ ပြုလုပ်ကာ ရှမ်းလူထုသဘောထား ကောက်ယူနေ

CSSU က ရှမ်းလူမျိုးအဆင့် နိုင်ငံရေးအကြိုဆွေးနွေးပွဲ ပြုလုပ်ကာ ရှမ်းလူထုသဘောထား ကောက်ယူနေ
ဓာတ်ပုံ- CSSU

ဖေဖော်ဝါရီလ ၂၆၊ချင်းမိုင် ။               ။ ထိုင်းနိုင်ငံရောက် ရှမ်းလူထု၏ အသံရယူရန် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး အကြို ဆွေးနွေးပွဲ(ရှမ်းလူမျိုး)ကို ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) မှ ဦးဆောင်၍ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း၏ ရလဒ်တစ်ခု ဖြစ်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အထောက်အကူပြုစေရန် ရှမ်းလူမျိုးများ၏ အမျိုးသားအဆင့်   နိုင်ငံရေးဆွေးနွေးပွဲအတွက် ရှမ်းပြည်သူများ၏ အသံ အစစ် အမှန်ကို ရယူစုစည်းရန် ပြုလုပ်ရခြင်း ဖြစ်သည်ဟု CSSU မှ ထိုင်းနိုင်ငံ တာဝန်ခံ ဒုဗိုလ်မှူးကြီး စိုင်းဆေ က ပြောသည်။

“အဓိကတော့ ရှမ်းလူမျိုးများအကြား နိုင်ငံရေးအခြေအနေ၊ ငြိမ်းချမ်းရေးဖြစ်စဉ်များကို ဖလှယ်ပေးရန်နှင့် ရှမ်းလူမျိုးများ ကြုံတွေ့နေရတဲ့ အခက်အခဲများကို ဒီနိုင်ငံရေး အပြောင်းအလဲမှာ လူထုတွေရဲ့ လိုလားချက်တွေကို လာရောက်နားထောင် မှတ်တမ်းယူခြင်း ဖြစ်တယ်”ဟု သူက မဇ္ဈိမကို ပြောခဲ့သည်။

၎င်းဆွေးနွေးပွဲတွင် လက်ရှိ နိုင်ငံရေး ၊ ငြိမ်းချမ်းရေးဖြစ်စဉ်အဆင့်ဆင့်များကို ဆွေးနွေးခဲ့ပြီး အမျိုးသားအဆင့် နိုင်ငံရေး အကြို ဆွေးနွေးပွဲတွင် ဆွေးနွေးမည့် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးကဏ္ဍများနှင့် လူမှုရေးကဏ္ဍပါ ဒုက္ခသည်များ၊ ပြည်တွင်း ထွက်ပြေး တိမ်းရှောင်သူများ ပြန်လည် နေရာချထားရေး၊ ရွှေ့ပြောင်းအလုပ်သမားများ ပြန်လည် နေထိုင်နိုင်ရေး အစီ အစဉ်များနှင့် လယ်ယာမြေနှင့် သဘောဝ သယံဇာတ စသည့်ကဏ္ဍများပေါ် ဆွေးနွေးခဲ့သည်ဟု သူက ပြောသည်။

ယခု ဆွေးနွေးပွဲမှ ရရှိလာသည့် လူထုသဘောထား အချက်အလက်များကို အခြေခံ၍ ရှမ်းလူမျိုးများ၏ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ ပြန်လည် တင်ပြဆွေးနွေးမည် ဖြစ်ပြီး လာမည့် ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံထိ တင်ပြသွားရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း သူက ပြောသည်။

ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး အကြို ဆွေးနွေးပွဲ(ရှမ်းလူမျိုး) ဆွေးနွေးပွဲများကို ထိုင်းနိုင်ငံ ဘန်ကောက်၊ ရနောင်း၊ မဲဟောင်ဆောင်၊ ချင်းရိုင်၊ မယ်ဆိုင်၊ ဖန်၊ မဲ့အိုင်၊ ကျိုင်ပကန်၊ အပါအဝင် မြို့အများအပြားတွင် ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အလားတူ ပြည်တွင်းတွင် ကချင်၊ ရှမ်း၊ ကယား၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၄၄ မြို့နယ်မှ ရှမ်းပြည်သူလူထုများကို သားရောက် တွေ့ဆုံ၍ ဆန္ဒသဘောထားများ ကောက်ယူခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

သို့သော် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန်အတွက် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ကျင်းပရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ပူးတွဲကော်မတီ (UPDJC)ကို တင်ပြထားသော်လည်း တောင်ကြီးမြို့တွင် ပွဲကျင်းပနိုင်ရေး မသေချာသေးကြောင်း RCSS မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်မိန်းက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက်တိုဘာလက RCSS/SSA က ယခင်အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်၍ လူမျုးိအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required