ဖားကန့်ဒေသတွင် အလယ်တန်းပြ ကျောင်းဆရာ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့်အတွက် တရားမျှတမှုထုတ်ဖော်ပွဲပြုလုပ်

ဖားကန့်ဒေသတွင် အလယ်တန်းပြ ကျောင်းဆရာ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့်အတွက် တရားမျှတမှုထုတ်ဖော်ပွဲပြုလုပ်

ရန်ကုန်၊ ဇန်နဝါရီလ ၂၂ ။              ။ ဖားကန့်ဒေသတွင် အလယ်တန်းပြကျောင်းဆရာ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့်အတွက် ရန်ကုန်မြို့တော် ခန်းမအနီး ဗန္ဓုလပန်းခြံရှေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှဦးဆောင်ပြီး ဇန်နဝါရီလ ၂၂ ရက်တွင် တရားမျှတမှုထုတ်ဖော်ပွဲပြုလုပ်ခဲ့သည်။

အဆိုပါ တရားမျှတမှုထုတ်ဖော်ပွဲတွင် ဆရာ၊ ဆရာမဦးရေ ၁ဝဝ ကျော်က ဆရာအောင်ဇင်ထွန်းကို သတ်ဖြတ်သူများအား ဖော်ထုတ်ပေးရေး၊ အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ် အလိုမရှိ၊ ဆရာ၊ ဆရာမများ လူမှုဘဝလုံခြုံရေး ဖန်တီးပေးရေး၊ ဆရာ၊ဆရာမဆိုတာ ငြိမ်းချမ်းရေး၏ သံသမန် စသည့် ကြွေးကြော်သံများပါဝင်သည့် ဗီနိုင်းများကိုင်ဆောင်ကာ ကြွေးကြော်သံများ ရွတ်ဆိုခဲ့ကြသည်။

ယခုကဲ့သို့ တရားမျှတမှုထုတ်ဖော်ပွဲကို ဇန်နဝါရီလ ၂၂ ရက်တွင် မန္တလေး၊ မုံရွာ၊ ကလေး နှင့် ကချင် ပြည်နယ်တို့တွင်လည်း လုပ်ဆောင်ခဲ့သည်။

"ကျွန်တော်တို့ကတော့ ဒီဆရာ အောင်ဇင်ထွန်း သတ်ဖြတ်ခံရတာဟာ တကယ်တမ်းကျတော့ လူပုဂ္ဂိုလ်ကို သတ်ဖြတ်တာလို့မမြင်ဘဲနဲ့ ပညာရေးရဲ့ အနေအထားတစ်ခုကို သတ်ဖြတ်တဲ့ ပုံစံမျိုးဖြစ်နေတယ်လို့ မြင်ပါတယ်။ ခုလိုမျိုးသတ်ဖြတ်လိုက်တာတော့ လက်ခံလို့မရတဲ့ အနေအထားမျိုးဖြစ်နေတယ်။ ဒါကြောင့် ခုလိုမျိုး ဆန္ဒထုတ်ဖော်ပွဲမျိုးကို လုပ်ရတာဖြစ်ပါတယ်။"ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ဒု- ဥက္ကဌ ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက ပြောသည်။

အဆိုပါ တရားမျှတမှု ထုတ်ဖော်ပွဲကို မွန်းလွဲ ၁ နာရီမှ စတင်ကာ ၂ နာရီထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့်လည်း ကဗျာရွတ်ဆိုခဲ့သည်။

"အဓိကတော့ပြောချင်တာက လုံးဝ ရှုတ်ချတယ်။ ဒီလိုမျိုးအပြုအမှုက လူသားတစ်ဦးရဲ့ အပြုအမူလုံးဝ မဟုတ်ဘူး။ လူမှုအဖွဲ့အစည်းထဲမှာ တော်တော်အန္တရာယ်များတဲ့ ဖြေရှင်းနည်းလိုပဲ ကျွန်တော်က သုံးသပ်တယ်။ ဘယ်အဖွဲ့အစည်းကိုမှ
ရည်ရွယ်တာမဟုတ်ဘူး။ ဘယ်သူပဲ၊ ဘယ်အဖွဲ့အစည်းပဲလုပ်လုပ် ဒီလိုမျိုးလုပ်ရင် ရှုတ်ချတယ်။ ဒါဟာ လုံးဝနိမ့်ကျတဲ့ အပြုအမူပဲ။" ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါက်တာ အာကာမိုးသူက ပြောသည်။

အလယ်တန်းပြ ကျောင်းဆရာ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၈ ရက်၊ နံနက် ၈ နာရီ၊ ၄၅ မိနစ်ခန့်တွင် ဖားကန့်မြို့နယ်၊ နမ္မဖြစ်ကျေးရွာ အလယ်တန်းကျောင်းအတွင်း ကျောင်းသားများ စုပေါင်း တန်းစီချိန်တွင် အသက် ၂၇ နှစ်အရွယ် အလယ် တန်းပြ ကျောင်းဆရာ ဦးအောင်ဇင်ထွန်းကို ကျောင်းဝန်း အတွင်းသို့ အမည်မသိ အမျိုးသားသုံးဦးက ၎င်းတို့လူကြီးခေါ်ခိုင်း၍ဟုဆိုကာ ဆိုင်ကယ်နှစ်စီးဖြင့် လာရောက် ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

နံနက် ၁ဝ နာရီခွဲခန့်တွင် မလန်းကျေးရွာနှင့် ဂျာရာယန်သွားလမ်း စွန့်ပစ်မြေစာပုံအဟောင်းအနီး၌ ကျောင်းဆရာ ဦးအောင်ဇင်ထွန်းကို ဝဲဖက်နားအထက် ကျည်ဖောက်ဝင်ရာ တစ်ချက်၊ ဝဲချိုစောင်း ကျည်ဖောက် ဝင်ရာ တစ်ချက်ဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုကို အမှုမှန်အမြန်ဆုံးပေါ်ပေါက်နိုင်ရန်အတွက် အမှုစစ်ကာ ဖားကန့်မြို့နယ်၊ လုံးခင်းရဲစခန်းမှ စစ်ဆေးဆောင်ရွက်နေကြောင်း ဖားကန့် မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးကျော်ဦး ပြောပြချက် အရသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required