၆၆(ဃ)ဖြင့် စွဲဆိုခံထားရသည့် မောင်ရှိုင်းထက်အောင်အမှု အာမခံမရသဖြင့် တရားရုံးရှေ့ စုရုံးဆန္ဒပြ

၆၆(ဃ)ဖြင့် စွဲဆိုခံထားရသည့် မောင်ရှိုင်းထက်အောင်အမှု အာမခံမရသဖြင့် တရားရုံးရှေ့ စုရုံးဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၅ ။           ။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံထားရသော မောင်ရှိုင်းထက်အောင်အမှု ဇန်နဝါရီ ၅ရက်က  အာမခံမရရှိခဲ့သဖြင့် မကွေးပရိယတ္တိ စာသင်တိုက်ဆရာတော် ဦးပါမောက္ခဦးဆောင်သော သံဃာတော်များသည် ရုံးထုတ်ရာတရားရုံးရှေ့တွင် စုရုံးဆန္ဒပြခဲ့ကြကြောင်း သိရသည်။

အဆိုပါအမှုကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ဇန်နဝါရီလ ၅ရက် နေ့လည် ၁၁နာရီက ရုံးထုတ်ခဲ့ပြီး အာမခံမပေးကြောင်း အမိန့်ချလိုက်သဖြင့် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

၂ဝ၁၅ခုနှစ် အထက်မြန်မာပြည်ရေကြီးရေလျှံမှုတွင် ရေဘေးဒုက္ခရောက်နေသော လေလွင့်ခွေးများ ကယ်ဆယ်ရေးအတွက် အလှူငွေများစွာ ကောက်ခံကာ အလွဲသုံးစား လုပ်ခဲ့သည်ဟုဆိုကာ   ဖော်ထုတ်စစ်ဆေးပေးပါရန် မောင်ရှိုင်းထက်အောင်က နိုင်ငံတော်သမ္မတထံ တိုင်တန်းခဲ့ရာ တိုင်ကြားခံရသူ Roze Mery နှင့် Ma Q.Queen အကောင့် အသုံးပြုသူ ဒေါ်ကြူကြူသိန်းလွင်က တရားလိုပြုလုပ်ပြီး တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

၎င်းအား ဖေ့ဘုတ်အကောင့်ခိုးယူကာ အသရေဖျက်ခြင်း၊ အသက်အန္တရာယ်ခြိမ်းခြောက်ခြင်း၊ ဓာတ်ပုံများခိုးယူအသုံးပြုခြင်းစသည်တို့ကို ပြုလုပ်သည်ဟုဆိုကာ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

တရားစွဲဆိုခံရသူ မောင်ရှိုင်းထက်အောင်မှာ အဝေးသင်တက္ကသိုလ် ရူပဗေဒ ဒုတိယနှစ်ကျောင်းသားဖြစ်ပြီး ခွေးလေခွေးလွင့်များ ထိန်းသိမ်းရေး မေ့ဆေးမှုတ်ပြောင်းအသုံးပြုခွင့် တရားဝင်လက်မှတ်ရရှိထားသူလည်း ဖြစ်သည်။

မောင်ရှိုင်းထက်အောင်ကို လွန်ခဲ့သော သြဂုတ်လ ၁၁ရက်နေ့ညက ဖမ်းဆီးသွားခဲ့ပြီး ယခုဆိုလျှင် ထိန်းသိမ်းခံထားရသည်မှာ  ၆လနီးပါးရှိနေပြီဖြစ်သည်။

တရားစွဲဆိုခံထားရသော မောင်ရှိုင်းထက်အောင်၏ ဖခင်ဦးမြင့်နိုင်မှာမူ “ကျွန်တော်တို့ ဖြစ်စေချင်တာကတော့ နိုင်ငံတော်ကို ပုတ်ခတ်တဲ့အမှုမျိုးကိုပဲ ၆၆  တပ်သင့်တယ်။ ကျန်တဲ့ဟာကတော့ အလကားနေလည်း ၆၆၊ လင်မယားရန်ဖြစ်လည်း ၆၆ဆိုတော့ ပုံစံကမကျဘူးပေါ့လေ။ လုံးဝမဖြစ်သင့်ဘူးပေါ့။ ဥပဒေကြီးက လေးစားလောက်တဲ့ ဥပဒေဖြစ်ပြီးတော့ ၆၆ ဥပဒေကြီးက ရဲလုပ်ပိုင်ခွင့်ကြီးဖြစ်နေတယ်။ ရဲက မကျေနပ်ရင် ၆၆ကြီး တပ်လိုက်တာပဲ။ တပ်လိုက်တာနဲ့ အာမခံမပေးတော့ဘူး။ အဲဒီတော့ ကျွန်တော်တို့ အမှုသည်တွေမှာ အရမ်းနစ်နာပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

၂၀၁၆တစ်နှစ်တာအတွင်း ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံထားရသည့် အမှုပေါင်း ၆၀ နီးပါး ရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required