ပုသိမ်မြို့ရှိ လမ်းဘေး လေလွင့်ကလေးငယ်များ၏ အုပ်ထိန်းသူများကို အရေးယူမည်

ပုသိမ်မြို့ရှိ လမ်းဘေး လေလွင့်ကလေးငယ်များ၏ အုပ်ထိန်းသူများကို အရေးယူမည်
ပုသိမ်မြို့ ကန်သုံးဆင့် ကန်ပတ်လမ်းတွင် တောင်းရမ်းနေသော ကလေးငယ်များကို တွေ့ရစဉ်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် လမ်းဘေး လေလွင့်တောင်းရမ်း စားသောက်နေသော ကလေးငယ်များ၏ မိဘအုပ်ထိန်းသူများကို ရဲတပ်ဖွဲ့က ကလေးသူငယ် ဥပဒေ ၆၆(ဂ) ဖြင့် အရေးယူမည်ဖြစ်ကြောင်း ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

အသက် ၆နှစ် မပြည့်ဘဲ တောင်းရမ်းစားသောက်ခိုင်းခြင်း ၊ တောင်းရမ်း စားသောက်နေခြင်းကို မသိကျိုးကျွံ ပြုနေခြင်းများ ပြုလုပ်ပါက မိဘအုပ်ထိန်းသူများကို ထောင်ဒဏ် ၆လနှင့် ဒဏ်ငွေ ၁သောင်း   ပြစ်ဒဏ် သတ်မှတ်ထားကြောင်း ပုသိမ်မြို့မရဲ့စခန်းမှ ရဲအုပ်ဇော်မင်းထွန်းကဆိုသည်။

နိုဝင်ဘာလ ၉ရက်နေ့မှ စတင်ကာ ပုသိမ်ရဲတပ်ဖွဲ့နှင့် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးတို့ ပူးပေါင်းပြီး ပုသိမ် တက္ကသိုလ် အနီးတဝိုက်တွင် တောင်းရမ်းစားသောက်နေသော ကလေးသူငယ် ၁၁ဦးကို စတင် ခေါ်ယူထိန်းသိမ်းခဲ့ပြီး မိဘများကို ကလေးသူငယ်ဥပဒေ ၆၆(ဂ)ဖြင့် စတင်အရေးယူခဲ့သည်။

" ကျမတို့ အနာဂတ်ကလေးတွေက လမ်းမပေါ်မှာ မြောက်များစွာရောက်နေတဲ့ အနေအထားက တကယ်တွေးကြည့်ရင် ရင်လေးစရာပါ " ဟု လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောသည်။

အဆိုပါ ရဲတပ်ဖွဲ့က ထိန်းသိမ်းထားသော ကလေးငယ် ၁၁ ဦးကို စာရေးဆရာမ ငွေကြယ်စင်ဦးစီးသော အိမ်မက်ပန်းခင်း ဂေဟာသို့ ပို့ဆောင်ပေးခဲ့ပြီး အတန်းပညာ၊ ယဉ်ကျေးမှုနှင့် အနုပညာရပ်များကို သင်ကြားပေးနေသည်။ ၎င်းဂေဟာတွင် မိဘ အုပ်ထိန်းသူမရှိသောကလေးများ ၊ လေလွင့်ကလေးများ၊ မူးယစ်ဆေးဝါးသုံးစွဲနေသောကလေးများကို ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ ထိန်းသိမ်းထားခြင်းဖြစ်သည်။

" ကိုယ့်သားသမီးကို လက်ဆွဲပြီးသွားတဲ့အခါ ဘေးနားမှာ ကလးငယ်တွေက သူတို့မှာ သွားခွင့်လာခွင့်မရှိဘူး ၊ ဘေးနားက လှမ်းမျှော်ကြည့်နေရတယ် ၊ သူတို့က လူ့အသိုင်းအဝိုင်းရဲ့အပြင်ကို ရောက်နေတယ် ၊ သူတို့ကို လူ့အသိုင်းအဝိုင်းထဲ ရောက်စေချင်တယ် ၊ ပြီးတော့ လူအသိုင်းအဝိုင်းရဲ့ အပြင်ကိုရောက်နေတဲ့ ကလးတွေကို အမြင်စောင်းနေကြတယ်ပေါ့နော် ၊ ဒီကလေးတွေက ဆိုးသွမ်းမယ်ပေါ့ အဲ့လိုထင်နေကြတယ် ၊ ဒီကလေးတွေက ဒီဂေဟာကို ရောက်ပြီဆိုတည်းက သာမာန်ကလေးတွေလိုပါပဲ ဖြူစင်ကြပါတယ် " ဟု အိမ်မက်ပန်းခင်းဂေဟာမှ ဦးစီးတည်ထောင်သူ စာရေးဆရာမ ငွေကြယ်စင်ကပြောသည်။

ပုသိမ်တက္ကသိုလ် ၊ အဝေးပြေးကားဂိတ် ၊ ဘုရားစေတီများပေါ်နှင့် ကန်သုံးဆင့် ကန်ပတ်လမ်းတို့တွင် တောင်းရမ်းကလေးငယ်များ ပိုမိုမြင်တွေ့နေရပြီး တောင်းရမ်းစားသောက်နေသော ကလေးများ၏ နောက်ကွယ်တွင် တောင်းရမ်းခိုင်းသောအဖွဲ့များလည်း ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required