တိုင်းစည်ပင်သာယာ လုပ်ငန်းငန်များ ဒေသစျေးနှင့် မတွက်ခြင်းကြောင့် လေလွင့်မှုများပြားနေ

တိုင်းစည်ပင်သာယာ လုပ်ငန်းငန်များ ဒေသစျေးနှင့် မတွက်ခြင်းကြောင့် လေလွင့်မှုများပြားနေ
ဓာတ်ပုံ-စည်သူမောင်မောင်

ဧရာဝတီတိုင်းအတွင်း စည်ပင် လုပ်ငန်းများ လုပ်ဆောင်ရာတွင် ခရိုင်အလိုက် စျေးနှုန်းဖြင့်သာ တွက်ချက်ပြီး ဒေသအလိုက် စျေးနှုန်းဖြင့်မတွက်ဘဲ ဘတ်ဂျက်တင်ခြင်းကြောင့်   လေလွင့်မှုများပြားနေကြောင်း  နိုဝင်ဘာ ၁၀ ရက်က ကျင်းပသည့် ဧရာဝတီတိုင်းလွှတ်တော် အစည်းအဝေးတွင် တိုင်းလွှတ်တော်အမတ် ဦးလှမိုးအောင်က အဆိုတင်သွင်းကာ ထောက်ပြ   ပြောဆိုခဲ့သည်။

သူ၏ အဆိုတွင် လမ်း၊ တံတား၊ အဆောက်အဦးများ ဆောက်လုပ်ရာတွင် ခရိုင်အလိုက် သတ်မှတ်ထားသော စျေးနှုန်းများကို ဒေသဆိုင်ရာ စျေးနှုန်းများဖြင့် တွက်ချက်ရန်ပါဝင်ပြီး “ဆောက်လုပ်ရာမှာ ဧရာဝတီတိုင်းဒေသကြီး စျေးနှုန်းများကို ခရိုင်အလိုက် တွက်ချက်ထားပြီး၊ ဒေသအလိုက် စျေးနှုန်းများ မတွက်ချက်ထားခြင်းကြောင့် လေလွင့်မှုများ ရှိနေပါတယ်” ဟု ပြောသည်။

အဆိုတွင် မြန်အောင်မြို့နယ် စည်ပင်သာယာမှ တာဝန်ယူသည့် ကွန်ကရစ်လမ်း ၁၆၀၀ပေ ၁၈ပေ ၈လက်မ ရှိလမ်းအား ကုန်ကျငွေ ၅၀၄ သိန်းကုန်ကျခဲ့ပြီး ဒေသပေါက်စျေးနှင့် တွက်ချက်မည်ဆိုပါက ၁၀၄ သိန်း ပိုနေသည်ဟုဆိုသည်။

"လေထဲပျောက်သွားနိုင်သည့် ငွေမှာ ကျပ်သိန်း ၁၈၀ လောက်ဖြစ်နေတယ်၊ လုပ်ငန်းတခုလုံး ၃၀ ရာနှုန်းသည် အဟောသိကံ ဖြစ်နေပါတယ်၊ တွက်ချက်မှုများကို ပြန်မသုံးသပ်လျင် ဘယ်လောက် လေလွင့်သွားနိုင်လဲဆိုတာ အပြုသဘောဖြင့် တင်ပြခြင်းဖြစ်သည်” ဟုလည်း ပြောဆိုခဲ့သည်။

ပိုမို ဂုဏ်သိက္ခာရှိသော စည်ပင်သာယာရေး ကော်မတီများဖြစ်ရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်သို့တင်ပြခြင်းဟုဆိုထားသည်။ တိုင်းဒေသကြီးလွှတ်တော်တွင် အဆိုအား ဆက်လက်ဆွေးနွေးရန် ကိုယ်စားလှယ်များ က ထောက်ခံသဖြင့် အဆိုအား တိုင်းလွှတ်တော်တွင် ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required