ဖိလစ်ပိုင်သမ္မတ အလည်အပတ်ရောက်ရှိခြင်းကို သမိုင်းမှတ်တိုင်သစ်အဖြစ် တရုတ်သမ္မတ အမွှမ်းတင်

ဖိလစ်ပိုင်သမ္မတ အလည်အပတ်ရောက်ရှိခြင်းကို သမိုင်းမှတ်တိုင်သစ်အဖြစ် တရုတ်သမ္မတ အမွှမ်းတင်

ပေကျင်း၊ အောက်တိုဘာ ၂၀ ။      ။ တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိသော ဖိလစ်ပိုင်သမ္မတဒူတာတေးအား သမ္မတရှီကျင့်ဖျင်က ကြိုဆိုခဲ့ပြီး ဒူတာတေး၏ ပေကျင်းခရီးစဉ်သည် သမိုင်းမှတ်တိုင်တစ်ရပ်ပင်ဖြစ်ကြောင်း ပြောဆိုသည်။

ကုန်သွယ်ရေးနှင့် နှစ်နိုင်ငံကြားက ဆက်ဆံရေးကို မြှင့်တင်ရန် လေးရက်တာခရီးစဉ်အဖြစ် ဒူတာတေးက အောက်တိုဘာ ၁၉ ရက်တွင် တရုတ်နိုင်ငံသို့ စတင်ရောက်ရှိလာခြင်းဖြစ်သည်။

နှစ်ဖက်စလုံးအနေဖြင့် တောင်တရုတ်ပင်လယ်အတွင်းက အငြင်းပွားကျွန်းများအရေးနှင့် ပတ်သက်ပြီး ရေးကြီးခွင်ကျယ်မလုပ်ကြောင်း တရုတ်အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

ယခုခရီးစဉ်သည် သမ္မတဒူတာတေးအနေဖြင့် ရေရှည်မဟာမိတ် အမေရိကန်အား ရှောင်ဖယ်ကာ တရုတ်နှင့် ချိတ်ဆက်ခြင်း အားထုတ်မှုတစ်ရပ်အဖြစ်လည်း ရှုမြင်ရသည်။

ဆွေးနွေးပွဲများတွင် တောင်တရုတ်ပင်လယ်အရေးက အခရာအဖြစ် မရှိခဲ့ပေ။

“နှစ်ဖက်စလုံးက တောင်တရုတ်ပင်လယ်ကိစ္စရပ်အပေါ်မှာ ခပ်တိုတိုပဲ ပြောကြတယ်။ ဒီပြဿနာကိစ္စရပ်က နှစ်နိုင်ငံဆက်ဆံရေးတစ်ရပ်လုံးကို ကိုယ်စားပြုနေတာမဟုတ်ဘူးဆိုပြီး နှစ်ဖက်စလုံးက သဘောတူကြတယ်။”ဟု တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီးက တွေ့ဆုံပွဲပြီးနောက် သတင်းထောက်များအား ပြောသည်။

အပြန်အလှန်ဆွေးနွေးမှုများမှတစ်ဆင့် ပြေငြိမ်းမှုရရန် ကြိုးစားသွားမည်ဖြစ်ကြောင်း နှစ်ဖက်စလုံးက သဘောတူခဲ့သည်ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required