မန်ယူအသင်းဆုဖလား စိန်ခေါ်နိုင်စွမ်းရှိကြောင်း ရွန်နီ ပြော

မန်ယူအသင်းဆုဖလား စိန်ခေါ်နိုင်စွမ်းရှိကြောင်း ရွန်နီ ပြော

အောက်တိုဘာ ၁၉၊ အင်္ဂလန် ။              ။ မန်ယူအသင်းခေါင်းဆောင်ရွန်နီက ၎င်းတို့အသင်းအနေဖြင့် ယခုရာသီတွင် ဆုဖလားများကို စိန်ခေါ်နိုင်စွမ်းရှိနေသေးသည်ဟု ယုံကြည်လျက်ရှိသည်။

နည်းပြမော်ရင်ဟို၏လက်အောက်တွင် မန်ယူအသင်းမှာ ပုံစံကောင်းရရှိရန် ရုန်းကန်နေရသော်လည်း ရွန်နီက ၎င်းတို့အသင်း၏ အင်အားကို ယုံကြည်မှုရှိနေပြီး ၎င်းအနေဖြင့်လည်း အသင်းကို ကူညီနိုင်စွမ်းရှိနေသေးသည်ဟု ယုံကြည်နေသည်။

‘ကျွန်တော်တို့မှာ တကယ်ကိုတောင့်တင်းတဲ့ အသင်းတစ်သင်းရှိနေတယ်လို့ ထင်ပါတယ်။ မန်ယူအသင်းဆုဖလားတွေကို စိန်ခေါ်မယ်လို့ ရာသီမစတင်ကတည်းက ကျွန်တော်ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက နည်းပြနဲ့အသင်းသားတွေအားလုံးဟာ ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ကြပါတယ်။ ဒါကြောင့် အခုအထိလည်း ဆုဖလားတွေကို စိန်ခေါ်နိုင်တယ်လို့ ယုံကြည်နေပါသေးတယ်။ မန်ယူအသင်းက စိန်ခေါ်မှုတွေကို ကျော်ဖြတ်ဖို့ အဆင်သင့်ရှိနေပါတယ်’ ဟု ရွန်နီက ပြောဆိုခဲ့သည်။

မန်ယူအသင်းသည် ယခုအချိန်တွင် ပရီးမီးယားလိဂ်၌ အဆင့် ၇ နေရာတွင် ရပ်တည်နေပြီး ယူရိုပါလိဂ်တွင်လည်း တစ်ပွဲနိုင် တစ်ပွဲရှုံးရလဒ်ရရှိထားသည်။ ယခုကြားရက်တွင် ဖီနာဘာချီအသင်းနှင့် ယူရိုပါလိဂ်ကစားရမည်ဖြစ်ပြီး ထို့နောက်တွင် ချယ်လ်ဆီးနှင့် ပရီးမီးယားလိဂ်ကစားရမည် ဖြစ်သည်။

နောက်ဆုံးတွင် ရွန်နီက ‘ပွဲအားလုံး ကျွန်တော်ကစားနိုင်ပါတယ်။ ကစားခွင့်ရတာ၊ မရတာကတော့ နည်းပြရဲ့ရွေးချယ်မှုပါပဲ။ အသင်းကလိုအပ်တဲ့အချိန်မှာ ကျွန်တော်အဆင်သင့်ရှိနေမှာပါ’ ဟု ပြောဆိုခဲ့သည်။

ရည်ညွှန်း အီအက်စ်ပီအန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required