စစ်တိုက်တာ ပြိုင်မယ့်အစား ဒေါသမီး အပြိုင်ငြိမ်းကြပါလို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

စစ်တိုက်တာ ပြိုင်မယ့်အစား ဒေါသမီး အပြိုင်ငြိမ်းကြပါလို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(အောက်တိုဘာ ၁၅ရက်၊ ၂၀၁၆ခုနှစ်)။ ။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် အဖွဲ့အစည်းအသီးသီး၏ နားကျည်းချက်များနှင့် ဒေါသမီးကို ငြိမ်းသတ်ရန်လိုအပ်သည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်သည်။

“တိုက်နိုင်တဲ့အရည်အချင်းကို ပြိုင်မယ့်အစား မီးငြိမ်းအောင်လုပ်နိုင်တဲ့အင်အားကို ပြိုင်ကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နေပြည်တော်ရှိ MICC-1တွင် ၂၀၁၆ခုနှစ်၊ အောက်တိုဘာ ၁၅ရက်ကပြုလုပ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည်အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ခုနှစ်၊ အောက်တိုဘာ ၁၅ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၈)ဖွဲ့က NCA လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းခဲ့သည့် သမ္မတဦးသိန်းစိန်အစိုးရကို ဂုဏ်ပြုကြောင်းလည်း အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုသည်။

သို့ရာတွင် “အခု NCA လက်မှတ်ထိုးပြီးတာက တစ်နှစ်ကြာပြီ။ တစ်နှစ်ကြာပြီဆိုပေမယ့်လည်း မထိုးသေးတဲ့အဖွဲ့တွေ တစ်ခုမှ ထပ်ပြီးတော့ မထိုးသေးတာဟာ ကျွန်မတို့အတွက် အင်မတန်မှ ဝမ်းနည်းစရာဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

မျိုးဆက်သစ်များအတွက် ငြိမ်းချမ်းရေးအမွေအနှစ်ထားခဲ့နိုင်ရန် အတိတ်က နာကျည်းချက်များကိုသာ ပြန်မကြည့်ဘဲ အတိတ်က သင်ခန်းစာများကိုယူကာ ငြိမ်းချမ်းရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြရန်လည်း အထူးမေတ္တာရပ်ခံသည်ဟု ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားများကို ပြောဆိုသည်။

“နာကျည်းချက်တွေ ရှိကောင်းလည်း ရှိပါလိမ့်မယ်။ ဒါတွေဟာ အများစုဖြစ်တဲ့ ဗမာတိုင်းရင်းသားများအပေါ်လည်း တာဝန်မကင်းဘူးဆိုတာ လက်ခံပါတယ်။ ဒါပေမယ့်လည်း အတိတ်ကိုပြန်ပြီးတော့ ကြည့်မနေပါနဲ့ အတိတ်ကသင်ခန်းစာတွေကိုပဲ ယူပါ။ တတ်နိုင်သမျှ နောက်မျိုးဆက်တွေအတွက် ကြိုးစားကြပါ။ အကောင်းဆုံးအမွေအနှစ်ကိုပဲ ဒီနိုင်ငံကို ထားခဲ့ပေးပါ။ အကောင်းဆုံးအမွေအနှစ်ဆိုတာတော့ ငြိမ်းချမ်းရေးပဲဆိုတာ ကျွန်မ ဘယ်နှစ်ခါပဲထပ်ပြောပြော လုံလောက်မှာမဟုတ်ဘူး” ဟု ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်လည်းဖြစ်သူ သူမက တိုက်တွန်းပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားနေသော အခြေအနေများကိုမူ “လုပ်သင့်လုပ်ထိုက်တာကို တရားဥပဒေဘောင်အတွင်းက မှန်မှန်ကန်ကန်နဲ့ သတ္တိရှိရှိနဲ့လုပ်သွားမှာဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

နှစ်ပတ်လည်အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဌ စောမူတူးစေးဖိုးတို့က အဖွင့်မိန့်ခွန်းပြောကြားခဲ့သေးသည်။

ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ဒေါက်တာတင်မျိုးဝင်းဦးဆောင်သည့် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နှင့် အပစ်ရပ်လက်မှတ်ရေးထိုးထားခြင်းမရှိသေးသော ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးဆိုင်ရာကိုယ်စားလှယ်အဖွဲ့(DPN)တို့သည် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် အောက်တိုဘာ ၁၅ရက်၊ မွန်းလွဲ ၁နာရီခွဲအချိန်ကစပြီး တွေ့ဆုံဆွေးနွေးလျက် ရှိနေသည်။

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required