ရခိုင်လူမှုရေးအသင်းဖွဲ့ ၅၀ကျော် စုပေါင်းပြီး ရခိုင်ကော်မရှင်တွင် နိုင်ငံခြားသားပါဝင်မှုကိုကန့်ကွက်

ရခိုင်လူမှုရေးအသင်းဖွဲ့ ၅၀ကျော် စုပေါင်းပြီး ရခိုင်ကော်မရှင်တွင် နိုင်ငံခြားသားပါဝင်မှုကိုကန့်ကွက်

ရန်ကုန်၊ စက်တင်ဘာ ၃ ။              ။ ပြည်ပနိုင်ငံသားများ ပါဝင်လာခြင်းဖြင့် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက်နိုင်သော အကြောင်းကိစ္စရပ်များ ပေါ်ပေါက်လာနိုင်ပါ၍   ကော်မရှင်တွင် နိုင်ငံခြားသားများ ပါဝင်ဖွဲ့စည်းမှုကို ကန့်ကွက်ကြောင်း ၎င်းထုတ်ပြန်စာ ဒုတိယအချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ကန့်ကွက်သည့်ထုတ်ပြန်စာကို စက်တင်ဘာလ ၃ရက် ရက်စွဲဖြင့် ရန်ကုန်ရှိ ရခိုင်လူမှုရေးအဖွဲ့စည်း ၅၀ ကျော် ပူးပေါင်းထားသည့် “ရခိုင်လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကော်မတီ(ရန်ကုန်)” မှ ထုတ်ပြန်ခြင်းဖြစ်သည်။

“ဒီကိစ္စကိုဖြေရှင်းဖို့ဆိုရင် ပြည်တွင်းကိစ္စဖြစ်တဲ့အတွက် ပြည်တွင်းမှာရှိတဲ့ သက်ဆိုင်ရာပညာရှင်တွေ၊ အများလက်ခံနိုင်တဲ့သူတွေနဲ့ ဖြေရှင်းရမည့် ကိစ္စဖြစ်တယ်" လို့ ဥက္ကဋ္ဌ၊ ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်ကပြောသည်။

အဆိုပါ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို နိုင်ငံတော်အတိုင်ပင်ခံရုံမှနေ၍ သြဂုတ်လ ၂၄ရက်စွဲဖြင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ပြည်ပ ပညာရှင်သုံးဦးနှင့် နိုင်ငံသားပညာရှင်ခြောက်ဦး စုစုပေါင်း ကိုးဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ရခိုင်အမျိုးသားပါတီအနေနှင့် ပြည်ပ နိုင်ငံခြားသား သုံးဦး ပါဝင်နေသည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖျက်သိမ်းရန် တောင်းဆိုသည့် သဘောထားထုတ်ပြန်ချက် တစ်စောင်ကို သြဂုတ်လ ၂၅ ရက်နေ့က ထုတ်ပြန်ထားသည်။

သြဂုတ်လ ၃၀ ရက်က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီက ပေါက်တောမြို့နယ် အမတ် ဦးအောင်ကျော်ဇံတင်သွင်းသည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို မြန်မာနိုင်ငံသားများဖြင့်သာ ဖွဲ့စည်းရန် တိုက်တွန်းကြောင်း အရေးကြီးအဆိုကို လက်ခံဆွေးနွေးဖို့ ပြည်သူ့လွှတ်တော်က လက်ခံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required