ဝိတ်ချပြီးမှ ပြန်လာပါလို့ အီဂျစ်နိုင်ငံပိုင် ရုပ်သံက အစီအစဉ်တင်ဆက်သူ အမျိုးသမီးများကို တာဝန်ရပ်ဆိုင်း

ဝိတ်ချပြီးမှ ပြန်လာပါလို့ အီဂျစ်နိုင်ငံပိုင် ရုပ်သံက အစီအစဉ်တင်ဆက်သူ အမျိုးသမီးများကို တာဝန်ရပ်ဆိုင်း

ကိုင်ရို၊ သြဂုတ် ၁၈ ။            ။ အီဂျစ်နိုင်ငံ နိုင်ငံပိုင် ရုပ်သံဌာနက အဝလွန်တဲ့ အစီအစဉ်တင်ဆက်သူ အမျိုးမီးရှစ်ဦးကို တာဝန်ဆိုင်းငံ့လိုက်ပြီး ဝိတ်ချပြီးမှ ပြန်လာဖို့ ပြောလိုက်တာကြောင့် အမျိုးသမီးအခွင့်အရေးလှုပ်ရှားတဲ့ အုပ်စုတွေကြားမှာ စိတ်ဆိုးဒေါသထွက်ကုန်ကြပါတယ်။

အီဂျစ်ရေဒီယိုနှင့် တယ်လီဗေးရှင်းဌာန ERTU က ထိုအမျိုးသမီးတွေကို ကြည့်ပျော်ရှုပျော်ဖြစ်မှ အစီအစဉ်တင်ဆက်နိုင်မယ်ဆိုပြီး ဝိတ်ချဖို့အတွက် အချိန်တစ်လပေးလိုက်ကြောင်း သတင်းဝက်ဘ်ဆိုက်တစ်ခုက ဖော်ပြထားပါတယ်။ ERTU အမျိုးသမီးဥက္ကဌဖြစ်သူ ဆာဖာဟီဂါဇိုင်းကိုယ်တိုင်ကလည်း တစ်ချိန်က အစီအစဉ်တင်ဆက်သူနေရာနေ တစ်ဆင့်ချင်းရာထူးတက်လှမ်းခဲ့သူပါ။

အခုလို ဝိတ်ချဖို့ တာဝန်ဆိုင်းငံ့ခံရတဲ့ အမျိုးသမီးတွေကိုလည်း စိတ်ဆိုးဒေါသထွက်ကြရပါတယ်။ တာဝန်ဆိုင်းငံ့လိုက်ခံရသူ ချန်နယ်-၂ အစီအစဉ်တင်ဆက်သူ ခါဒီဂျာက “ကျွန်မ အစီအစဉ် တင်ဆက်ခဲ့တာတွေကို လူတွေကိုယ်တိုင် ကြည့်ပြီး ဆုံးဖြတ်စေချင်တာပါပဲ။ ကျွန်မ တကယ်ပဲ ဝနေပြီလားဆိုတာကိုပါ။ နောက်ပြီး အလုပ်မလုပ်အောင် တားပစ်ရအောင်ဖြစ်နေပြီလားဆိုတာပါ။” လို့ ပြောပါတယ်။ နောက်ထပ်တစ်ဦးကလည်း ခုလို ဆုံးဖြတ်ကြေညာခံရတာကြောင့် ကျွန်မတို့ တစ်မိသားစုပါ ဝမ်းနည်းခဲ့ရကြောင်း ပြောပါတယ်။

အမျိုးသမီးအခွင့်အရေးစင်တာတစ်ခုက နိုင်ငံပိုင်ရုပ်သံက ယခုလိုလုပ်ခြင်းက ဖွဲ့စည်းပုံကို ချိုးဖောက်ရာရောက်ပြီး အမျိုးသမီးတွေကို အကြမ်းဖက်တဲ့ ပုံစံတစ်ရပ်ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။   ပြန်လည်သုံးသပ်ဖို့လည်း တိုက်တွန်းပါတယ်။ ဝေဖန်သံတွေ ညံနေပေမယ့် ERTU ကတော့ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်မှာ မဟုတ်ကြောင်းပြောပြီး ထိုအမျိုးသမီးတွေအနေနဲ့ ဆိုင်းငံ့ကာလမှာ လစာအကျိုးအမြတ်ရရှိမှာ မဟုတ်ကြောင်းလည်း ယင်းဌာနက သတင်းရင်းမြစ်တစ်ရပ်က ပြောပါတယ်။

အီဂျစ်မီဒီယာသတင်းသုံးသပ်သူများကလည်း ယခုကဲ့သို့ အဝလွန်၍ အစီအစဉ်ကြေညာသူများကို ဝိတ်ချဖို့ ဆိုင်းငံ့လိုက်တာနဲ့ ပတ်သက်ပြီး တရားမျှတမှု ရှိတယ် မရှိဘူး အပြန်အလှန်ငြင်းခုံလျက်ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required