နေပြည်တော်တွင် အိန္ဒိယနိုင်ငံသားတစ်ဦး ရုတ်တရက်သေဆုံး

နေပြည်တော်တွင် အိန္ဒိယနိုင်ငံသားတစ်ဦး ရုတ်တရက်သေဆုံး

နေပြည်တော်(ဇွန်လ ၃၀ရက်၊ ၂၀၁၆ခုနှစ်)။ ။ နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ နိုင်ငံတော်ဧည့်ဂေဟာဝင်းအတွင်းရှိ Royal ACE Hotelတွင် ဇွန်လ ၂၉ရက်က အိန္ဒိယနိုင်ငံသားတစ်ဦး သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့သည်။

သေဆုံးသူမှာ အိန္ဒိယနိုင်ငံသားဖြစ်သူ အသက်(၅၉)နှစ်အရွယ် Mr.NAGEWARA RAO VAJAHA ဖြစ်ပြီး Royal ACE Hotel၏ အခန်းအမှတ်(၁၆၃၃)အတွင်း ကုတင်ပေါ်တွင် ပက်လက်အနေအထားဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ဒက္ခိဏသိရိမြို့မရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။

သေဆုံးသူသည် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ဖိတ်ကြားချက်အရ အစည်းအဝေးများတွင် ပညာရှင်အဖြစ် တက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ Royal ACE Hotelတွင် ဇွန်လ ၂၇ရက်ကစပြီး တည်းခိုနေခြင်းဖြစ်ကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ဇွန်လ ၂၈ရက်နေ့ အစည်းအဝေးတွင် တက်ရောက်ခဲ့သေးကြောင်း၊ ဇွန်လ ၂၉ရက်တွင်မူ အစည်းအဝေးတက်ရောက်ခြင်းမရှိသောကြောင့် ၎င်း၏ သူငယ်ချင်းဖြစ်သူ အင်္ဂလန်နိုင်ငံသားတစ်ဦးက ဧည့်ကြိုဝန်ထမ်းနှင့်အတူ ၎င်းတည်းခိုရာ အခန်းတွင်းသို့ သွားရောက်ကြည့်ရှုရာတွင် သေဆုံးနေခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

သေဆုံးသူ Mr.NAGEWARA RAO VAJAHA၏ ခန္ဓာကိုယ်အား နေပြည်တော်ရှိ ကုတင်(၁၀၀၀)ဆံ့ ဆေးရုံကြီးသို့ ပို့ဆောင်ကာ ရင်ခွဲစစ်ဆေးရာတွင် ပြင်ပနှင့်အတွင်းတွင် ဒဏ်ရာရရှိမှုမရှိဘဲ၊ နှလုံး၏ အဓိကသွေးကြောများ ပိတ်ဆို့ခြင်းနှင့် နာတာရှည်ကျောက်ကပ်ရောဂါဖြစ်ပွား၍ ကျောက်ကပ်ပျက်စီးခြင်းတို့ဖြင့် ရုတ်တရက်သေဆုံးသွားခြင်းဖြစ်ကြောင်း ဆေးစစ်ချက်အရသိရသည်ဟုလည်း ရဲမှတ်တမ်းတွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required