အီးယူမှ တွဲရေးခွဲရေး ဆန္ဒခံယူပွဲ ထပ်ခေါ်ပေးရန် ဗြိတိန်ပြည်သူ နှစ်သန်းခွဲကျော် တောင်းဆို

အီးယူမှ တွဲရေးခွဲရေး ဆန္ဒခံယူပွဲ ထပ်ခေါ်ပေးရန် ဗြိတိန်ပြည်သူ နှစ်သန်းခွဲကျော် တောင်းဆို

လန်ဒန်၊ ဇွန် ၂၆ ။                 ။ ဥရောပသမဂ္ဂ အီးယူမှ ဗြိတိန်နိုင်ငံ အဖွဲ့ဝင်အဖြစ် ဆက်လက်ရှိရေး မရှိရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ဒုတိယအကြိမ်ထပ်မံကျင်းပပေးရန် အွန်လိုင်းလက်မှတ်ရေးထိုး တောင်းဆိုကြသည့် ပြည်သူပေါင်းမှာ နှစ်သန်းခွဲကျော်အထိ ရှိလာခဲ့သည်။

သီးခြားအွန်လိုင်းတောင်းဆိုမှုတစ်ရပ်၌လည်း ဗြိတိန်နိုင်ငံမှ လန်ဒန်ခွဲထွက်ရေးနှင့် အီးယူအဖွဲ့ဝင်အဖြစ် သီးခြားဝင်ရောက်ရေး လက်မှတ်ထိုးသူပေါင်းကလည်း တစ်သိန်းနီးပါးရှိထားသည်။

ဇွန် ၂၃ ရက်က ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် အီးယူမှ နုတ်ထွက်ရေးမဲ ၅၁ ဒဿမ ၉ ရာခိုင်နှုန်းနှင့် မနုတ်ထွက်ရေးမဲ ၄၈ ဒဿမ ၁ ရာခိုင်နှုန်းဖြင့် နုတ်ထွက်ရန် အနိုင်မဲရပြီးနောက် မနုတ်ထွက်လိုပဲ အီးယူအဖွဲ့ဝင်အဖြစ် ဆက်လက်ရှိရေး လှုံ့ဆော်မှုများ မြင့်တက်လာရာမှ ယခုကဲ့သို့ အွန်လိုင်းတောင်းဆိုမှုများ များပြားလာခဲ့ခြင်းဖြစ်သည်။

ယင်းမတိုင်မီ မဲရလဒ်မထွက်ခွင်က လွှတ်တော်ဝက်ဘ်ဆိုက်တွင် နောက်ထပ်ဆန္ဒခံယူပွဲကျင်းပရေးအတွက် အစပျိုးတောင်းဆိုမှု ရှိခဲ့သည်။

မဲပေးသူအရေအတွက် ၇၅ ရာခိုင်နှုန်းအောက်ရှိနေပြီး နုတ်ထွက်မဲက ၆၀ ရာခိုင်နှုန်း မပြည့်မီပါက ဒုတိယအကြိမ်ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပေးရမည်ဖြစ်ကြောင်း တောင်းဆိုထားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၌ မဲပေးသူဦးရေက ၇၂ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

အီးယူတွင် ဆက်ရှိရန် လိုလားသည့် လွှတ်တော်အမတ်များက ဇွန် ၂၃ ရက်က မဲရလဒ်သည် ဥပဒေကြောင်းအရ ကန့်သတ်ချက်မပြည့်မီကြောင်း၊ လွှတ်တော်တွင် ဆွေးနွေးမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ပြောလာကြသည်။

လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းထံ နိုင်ငံတွင်းမှ မြို့လွတ်လပ်ရေးကို ကြေညာပြီး အီးယူအဖွဲ့ဝင်အဖြစ် လျှောက်ထားရန် တောင်းဆိုကြသည့် အွန်လိုင်းလက်မှတ်ပေါင်းကလည်း တစ်သိန်းခွဲကျော်ထက်မနည်းရှိသည်။ လန်ဒန်တွင် လူဦးရေ၏ ၆၀ ရာခိုင်နှုန်းနီးပါးက အီးယူအဖွဲ့ဝင်အဖြစ် ဆက်လက်ပါဝင်လိုသည့် ဆန္ဒရှိကြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly