အိန္ဒိယလုံခြံုရေးယာဉ်တန်းကို ကက်ရှ်မီးယားသူပုန်များ တိုက်ခိုက်ပြီး ရဲရှစ်ဦးကို သတ်ဖြတ်

အိန္ဒိယလုံခြံုရေးယာဉ်တန်းကို ကက်ရှ်မီးယားသူပုန်များ တိုက်ခိုက်ပြီး ရဲရှစ်ဦးကို သတ်ဖြတ်

ကက်ရှ်မီးယား၊ ဇွန် ၂၆ ။             ။ အိန္ဒိယနိုင်ငံ ဂျမ်မူ ကက်ရှ်မီးယားပြည်နယ်တွင် လုံခြုံရေးယာဉ်တန်းကို စစ်သွေးကြွသူပုန်အုပ်စုက တိုက်ခိုက်ပြီး အိန္ဒိယရဲ ရှစ်ဦးကို သတ်ဖြတ်ပြီး တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူ ၂၀ ရှိကြောင်း ရဲဌာနပြောရေးဆိုခွင့်ရှိသူက ပြောပြီး ယင်းတိုက်ခိုက်မှုအား အစ္စလာမ်မစ်အုပ်စု LeT က ကျုးလွန်သည်ဟု ကြွေးကြော်ထားကြောင်းလည်း ပြောကြားသည်။

ပြည်နယ်မြို့တော် သရီနာဂါမှ ကိုးမိုင်အကွာ ပမ်ပေါမြို့အနီးက အဝေးပြေးလမ်းတွင် စစ်သွေကြွနှစ်ဦးက အိန္ဒိယ ဗဟိုအရန်ရဲတပ်ဖွဲ့ CRPF ယာဉ်တန်းကို တိုက်ခိုက်ခြင်းဖြစ်သည်။ ယင်းစစ်သွေးကြွနှစ်ဦးကို အဝေးပြေးလမ်းပေါ် လှည့်ကင်းတာဝန်ယူနေသည့် CRPF တပ်ဖွဲ့ဝင်များက ပြန်လည်သုတ်သင်လိုက်ကြောင်း ရဲဌာနပြောရေးဆိုခွင့်ရှိသူ ဘရာဗက်ကူမားက ပြောသည်။

စစ်သွေးကြွ LeT အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာအဗ္ဗဒူလာဂါဇနာဗီက ရိုက်တာသို့ ဖုန်းဖြင့်ပြောဆိုရာ၌ အဖွဲ့၏ အသေခံတပ်စုက ယင်းတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ တစ်နာရီကြာ တိုက်ပွဲဖြစ်ပြီး အိန္ဒိယရဲ ၁၃ ဦးကို သုတ်သင်လိုက်နိုင်ခြင်းဖြစ်ကြောင်း ပြောသည်။

မွတ်စလင်အများစုဒေသတွင် ခွဲထွက်ရေးသဘောထားများကြီးထွားလာခြင်းနှင့် မြင့်တက်နေသည့် လူမှုရေးတင်းမာမှုများဖြင့် ကက်ရှ်မီးယားဒေသက အကြမ်းဖက်ဆူပူမှုများ ဖြစ်ပွားနေပြီး ယင်းဒေသက အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံကြား မဟာဗျူဟာအငြင်းပွားရာ ဗဟိုချက်အဖြစ် ဆယ်စုနှစ်များစွာ ရှိနေခဲ့ခြင်းဖြစ်သည်။

မေလအတွင်းကလည်း အိန္ဒိယရဲသုံးဦးအား စစ်သွေးကြွများ ပစ်သတ်ခဲ့မှုဖြစ်ပွားသည်။ ဖေဖော်ဝါရီလကလည်း ရဲအရန်တပ်သားများ တင်ဆောင်လာသည့် ကားကို စစ်သွေးကြွများတိုက်ခိုက်ပြီး   လေ့ကျင့်ရေးသင်တန်းကျောင်းကို ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required