ကြောက်ကြောက်ကြောက် ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပြီး ၃၊၄လ အကြာတွင် ရုံတင်ပြသွားမည်

ကြောက်ကြောက်ကြောက် ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပြီး ၃၊၄လ အကြာတွင် ရုံတင်ပြသွားမည်

ရန်ကုန် ၊ ဇွန် ၇ ။            ။ အနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင်ကြမည့် ကြောက်ကြောက်ကြောက် ရုပ်ရှင်ဇာတ်ကားကြီးကို ဇွန်လ ၁၈ရက်တွင် စတင်ရိုက်ကူးသွားမည်ဖြစ်ပြီး ၂၀၁၆ခုနှစ်ထဲတွင် ရုံတင်ပြသသွားမည် ဖြစ်ကြောင်း Myanmar Media 7မှ ဥက္ကဌ ကိုဝေမင်းမောင်က ပြောသည်။

ကြောက်ကြောက်ကြောက် ရုပ်ရှင်ဇာတ်ကားကြီးသည် ဟာသသရဲဇာတ်ကား ဖြစ်ပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်း ရာဇဝင်ကို၊ ဒါရိုက်တာ သြရသမှ ရိုက်ကူးပုံဖော် မည်ဖြစ်ကာ သရုပ်ဆောင်များအဖြစ် နေတိုး၊ မင်းသွေး၊ ထွန်းထွန်း၊ သိန်းလင်းစိုး၊ ဂျိုကာ၊ ဖြိုးဇော်လင်း၊ ခင်ဝင့်ဝါ၊ နန်းမြတ်ဖြိုးသင်း၊ ပိုပို၊ မေမြင့်မိုရ်တို့မှ ပါဝင် သရုပ်ဆောင်ကြမည် ဖြစ်သည်။

Myanmar Media 7မှ ဥက္ကဌ ကိုဝေမင်းမောင်က "ကျွန်တော်တို့ media 7 က အနုပညာရှင်တွေ တက်ညီ လက်ညီနဲ့ ဇာတ်ကားတစ်ကား ရိုက်ကြမယ် ဆိုပြီး ရိုက်ဖြစ်တာပါ။ ဒီကားက ၃ကားမြောက် ရုပ်ရှင်ဇာတ်ကား ကြီးတစ်ကားပါ။ သရဲဟာသ ဇာတ်ကားလေး တစ်ကားပါပဲ"ဟုပြောသည်။

ထိုရုပ်ရှင်ဇာတ်ကားကြီးကို ပြင်ဦးလွင်တစ်ဝိုက်တွင် သွားရောက်ရိုက်ကူးရန် စီစဉ်ထားပြီး ယခင်ရိုက်ကူး ထား သည့် ရုပ်ရှင်ဇာတ်ကားများနှင့် မတူသည့် ရသကို ပရိသတ်များအတွက် ပေးသွားမည်ဖြစ်ပြီး ထိုဇာတ်ကားသည် Myanmar Media 7၏ တတိယမြောက် ရုပ်ရှင်ဇာတ်ကားလည်းဖြစ်သည်။

ဒါရိုက်တာ သြရသက "Myanmar Media 7 နဲ့ ဒုတိယအကြိမ် လက်တွဲဖြစ်တဲ့ အနုပညာ လှုပ်ရှားမှုလေး ဖြစ်ပါတယ်။ ဇာတ်လမ်းမှာ အဓိကပေးချင်တဲ့ message ကတော့ လူသားတွေ အမှတ်တကယ်ကြောက်တဲ့ အကြောက်တရား အစစ်အမှန် က ဘာလဲဆိုတာကို ဖော်ပြသွားမှာပါ။

သရုပ်ဆောင်နေတိုးကလည်း "ဒီဇာတ်ကားလေးမှာ ပရိသတ်ကို ကြိုမသိစေချင်တဲ့ အကြောင်းလေးတွေ ရှိပါတယ်။ ကျွန်တော် ဇာတ်ကောင် ကတော့ သာမာန်လူတွေထက် ကြောက်ရွံ့မှုပိုတဲ့ လူတစ်ယောက်အနေနဲ့ ပါဝင် သရုပ်ဆောင်ရမှာပါ။ သရုပ်ဆောင်ပိုင်းကိုတော့ အကောင်းဆုံးကြိုးစားသွားမှာပါ" ဟုပြောသည်။

ကြောက်ကြောက်ကြောက် ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပြီးစီးသွားပါက ပုံမှန်တန်းစီစနစ်ဖြင့် ရုံတင်ပြသ မည်မဟုတ်ဘဲ အခြားရုံတင်မှု ပုံစံပြောင်းပြီး ၃၊ ၄လ အတွင်း ပရိသတ်များ ကြည့်ရှုနိုင်အောင် အမြန်ဆုံး ပြသ သွားမည် ဖြစ်သည်။

Myanmar Media 7မှ ဥက္ကဌ ကိုဝေမင်းမောင်က "ကိုယ်တို့ကုမ္ပဏီအုပ်စု အနေနဲ့ ရုပ်ရှင်ရုံ လုပ်ထားတာတွေ ရှိတယ်။ ကိုယ်တို့ဆိုရင် Mega Ace ရုပ်ရှင်ရုံ တွေဆိုလဲ ကိုယ့်အမ အုပ်စုပဲ ဆိုတော့ ကိုယ်တို့ရဲ့ ဇာတ်ကားတွေကို သူတို့နဲ့ တိုင်ပင်ပြီး လုပ်မယ်။ မင်္ဂလာအုပ်စု၊ ဂျန်းရှင်းအုပ်စု အဲ့တာတွေ နဲ့တိုင်ပင်ပြီး ကိုယ်တို့ဆီမှာရှိတဲ့ ရုပ်ရှင်ရုံတွေနဲ့ပေါင်းပြီး လုပ်သွားမယ်။ ဘယ်ရုံမှာ တင်ဖြစ်မလဲ ဆိုတာကတော့ သူတို့နဲ့ တိုင်ပင်ပြီး အမြန်ဆုံးပြသနိုင်အောင် လုပ်သွားမှာပါ" ဟုပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required