ဧည့်စာရင်းတိုင်ကြားခြင်း ပယ်ဖျက်ရန် အမျိုးသားလွှတ်တော်အတည်ပြု

ဧည့်စာရင်းတိုင်ကြားခြင်း ပယ်ဖျက်ရန် အမျိုးသားလွှတ်တော်အတည်ပြု
(ဓာတ်ပုံ- သက်ကို/မဇ္ဈိမ)

နေပြည်တော်(ဇွန်လ ၃ရက်၊ ၂၀၁၆ခုနှစ်)။ ။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအရ ဧည့်စာရင်းတိုင်ကြားခြင်းနှင့် ဧည့်စာရင်းစစ်ဆေးခြင်းတို့ကို ပယ်ဖျက်ရန် ဇွန်လ ၃ရက်က အမျိုးသားလွှတ်တော်အစည်းအဝေးတွင် အတည်ပြုလိုက်သည်။

တတိယအကြိမ်မြောက် ပြန်လည်ပြင်ဆင်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကြမ်းတွင် ဧည့်စာရင်းတိုင်ကြားခြင်းဟူသည့် ပြဌာန်းချက်အား ပယ်ဖျက်ရန် အတည်ပြုလိုက်ခြင်းလည်းဖြစ်သည်။

အဆိုပါ ဧည့်စာရင်းတိုင်ကြားခြင်းအား ပယ်ဖျက်မည့်အပေါ် တပ်မတော်သားလွှတ်တော်အမတ်များက ကန့်ကွက်ခဲ့သော်လည်း စက်ခလုပ်နှိပ်မဲခွဲကာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

"ဧည့်စာရင်းမတိုင်တာနဲ့တင် အုပ်ချုပ်ရေးမှူးက အရေးယူခွင့်ရှိတယ်ဆိုတဲ့ဟာက လက်နက်တစ်ခုအဖြစ် အသုံးပြုနိုင်တယ်။ နောက်တစ်ခါ ကျွန်တော်တို့ နိုင်ငံသားတစ်ယောက်အဖြစ် မှတ်ပုံတင်ကိုင်ဆောင်ထားသူတစ်ဦးက မိမိနိုင်ငံထဲမှာ လွတ်လပ်စွာသွားလာခွင့်နဲ့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်ကို ထိခိုက်တာမျိုး မရှိသင့်ဘူးလို့ လွှတ်တော်ကိုယ်စားလှယ်အများစုကလည်း သဘောတူတယ်။ ဒါကြောင့် ဧည့်စာရင်းနဲ့ပတ်သက်တဲ့ ပုဒ်မတွေအားလုံးကို ပယ်ဖျက်လိုက်တယ်" ဟု ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအား တတိယအကြိမ်မြောက် ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်သို့ တင်သွင်းခဲ့သူ ပဲခူးတိုင်း၊ မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဦးက ပြောသည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကမူ အဆိုပါ ဧည့်စာရင်းတိုင်ကြားမှုဆိုင်ရာ ပြဌာန်းချက်ကို ပယ်ဖျက်ပါက တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စများကို ထိခိုက်စေနိုင်သည်ဟုဆိုကာ ကန့်ကွက်ခဲ့သည်။

ယင်းနောက် လွှတ်တော်တွင် စက်ခလုတ်နှိပ်မဲခွဲခဲ့ရာ ဧည့်စာရင်းတိုင်ကြားခြင်းဟူသည့် ပြဌာန်းချက်အား ပယ်ဖျက်ရန် လွှတ်တော်အမတ်အများစုက ဆန္ဒပြုသောကြောင့် ဧည့်စာရင်းတိုင်ကြားခြင်းကို ပယ်ဖျက်ရန် လွှတ်တော်က ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

"ကျွန်တော်တို့ ဘယ်လိုပဲကန့်ကွက်၊ ကန့်ကွက် ကိုယ်စားလှယ်အများစုရဲ့ သဘောဆန္ဒအရ လွှတ်တော်က အတည်ပြုလိုက်တာပါပဲ" ဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး လှဝင်းအောင်က လွှတ်တော်အစည်းအဝေးအပြီးတွင် ပြောသည်။

အတည်ပြုလိုက်သည့် ယင်းဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်တွင် ဆက်လက်ဆွေးနွေးမည်ဖြစ်ပြီး လွှတ်တော်နှစ်ရပ် သဘောထားကွဲလွှဲမှုများရှိပါက ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက်ဆုံးဖြတ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required