ရေပိုင်နက်တွင်းသို့ မြောက်ကိုရီးယား ကင်းလှည့်ရေယာဉ် ကျော်လွန်မောင်းနှင်ခဲ့၍ တောင်ကိုရီးယားဘက်မှ ခြောက်လှန့်ပစ်ခတ်

ရေပိုင်နက်တွင်းသို့ မြောက်ကိုရီးယား ကင်းလှည့်ရေယာဉ် ကျော်လွန်မောင်းနှင်ခဲ့၍ တောင်ကိုရီးယားဘက်မှ ခြောက်လှန့်ပစ်ခတ်

မေ ၂၇ ။               ။ ကိုရီးယားကျွန်းဆွယ် အနောက်ဘက်ကမ်းရိုးတန်း ပြင်ပ အငြင်းပွား ပင်လယ်ပြင်နယ်နမိတ်တွင်းသို့ မေလ ၂၇ ရက်က မြောက်ကိုရီးယားဘက်မှ ကင်းလှည့်သင်္ဘောတစ်စီးနှင့် ငါးဖမ်းသင်္ဘော တစ်စီးတို့ ဖြတ်သန်းမောင်းနှင်ခဲ့ရာ တောင်ကိုရီးယားရေတပ်က ခြောက်လှန့်ပစ်ခတ်ခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

နှစ်နိုင်ငံ နယ်စပ် ရေပြင်တွင် ကျော်လွန် ဖြတ်သန်းမောင်းနှင်လာသော မြောက်ကိုရီးယား ရေယာဉ်နှစ်စီးမှာ တောင်ကိုရီးယားဘက်မှ ခြောက်လှန့်ပစ်ခတ်ခဲ့ပြီး ရှစ်မိနစ်အကြာတွင် ယင်းနိုင်ငံဘက်သို့ ပြန်လည် ဦးလှည့်ခုတ်မောင်းသွားကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောသည်။

ယင်းနေ့ နံနက် ၇ နာရီ ခွဲခန့်က တောင်ကိုရီးယားပိုင်ကျွန်းအနီး နှစ်နိုင်ငံ အငြင်းပွားနယ်စပ် ပင်လယ်ပြင်စည်းလိုင်းတွင် မြောက်ကိုရီးယားရေယာဉ်များ ခုတ်မောင်းခဲ့ခြင်းဖြစ်သည်ဟု တောင်ကိုရီးယား စစ်တပ်က ဆိုသည်။

ယခင်ကာလများကလည်း ယခုကဲ့သို့ပင် ရံဖန်ရံခါဆိုသလို မြောက်ကိုရီးယားငါးဖမ်းသင်္ဘောများသည် တောင်ကိုရီးယား ရေပိုင်နက်တွင်းသို့ ချဉ်းကပ် မောင်းနှင်မှုများ ရှိထားခဲ့သည်။

အလားတူ ပြီးခဲ့သည့် နှစ်များအတွင်းက အဆိုပါ အငြင်းပွားပင်လယ်ပြင် နယ်စပ်ဧရိယာတစ်ဝိုက်တွင် နှစ်နိုင်ငံ ရေတပ်သင်္ဘောများအကြား မကြာခဏဆိုသလို အပြန်အလှန် ပစ်ခတ်မှုများကြောင့် လူသေဆုံးခဲ့ရသည့် ဖြစ်စဉ်များ ရှိထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required