ကိုရီးယားရောက်  မြန်မာလုပ်သား ၃၀ ကျော်၏ မိသားစုဝင်များထံ ကျပ် ၁၀ သိန်းစီ စစ်ကောင်စီ တောင်း

By ဓါတု (မဇ္ဈိမ)
10 October 2023
ကိုရီးယားရောက်  မြန်မာလုပ်သား ၃၀ ကျော်၏ မိသားစုဝင်များထံ ကျပ် ၁၀ သိန်းစီ စစ်ကောင်စီ တောင်း

တောင်သာမြို့ ဒေသခံ၊ ကိုရီးယားနိုင်ငံတွင်  သွားရောက် အလုပ်လုပ်ကိုင်နေသူ ၃၃ ဦး၏  မိသားစုဝင်များထံက စစ်ကောင်စီတပ် ရန်ပုံငွေဟုဆိုကာ ကျပ် ၁၀ သိန်းစီ တောင်းခံနေကြောင်း ဒေသခံများထံက သိရသည်။

မန္တလေးတိုင်း၊ တောင်သာမြို့နယ် အရှေ့ဖက်ခြမ်း ဇရပ်ကြီး၊ ထန်းပင်ကန် နှင့် ငွေသောင် ကျေးရွာများတွင်  ခြေမြန်တပ်ရင်း(ခမရ-၁၅)မှ တပ်ခွဲလွှတ်ထားသောတပ်စိပ်ခေါင်းဆောင် ဗိုလ်ကြီးဥာဏ်ထွန်းအောင်ဆိုသူက ထိုသို့ တောင်းခံနေခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။ 

ငွေတောင်းခံရသူ  ၃၃ ဦးဆိုသော စာရင်းသည် မဇ္ဈိမက ရရှိထားသည့် စာရင်းအရဖြစ်ပြီး  မြေပြင်တွင်  ထို့ထက်ပို၍ များနိုင်ကြောင်း ဒေသခံများက သိရသည်။ 

" ရွာထဲနာမည်စာရင်းနဲ့ လာခေါ်တာ ။ စစ်တပ်ရန်ပုံငွေအတွက်ဆိုပြီး ၁၀ သိန်းစီတောင်းတာ ။ သူတို့တပ်စွဲထားတဲ့ နေရာကိုသွားပေးရတာ တလလောက်ရှိပြီ။ အရင်လတွေကလဲ ရွာထဲကလုပ်ငန်းရှင်တွေစီက နှစ်သိန်းစီတောင်းတယ်။ ရွာထဲကအိမ်တွေ စျေးဆိုင်တွေကနေ ပိုက်ဆံမပေးဘဲ ယူတာတွေ၊ ကြက်တွေ သတ်စားတာတွေလုပ်တယ်။  ရွာမှာကြက်တွေမကျန်တော့သလောက်ဘဲ။ အနိုင်ကျင့်နေတာ" ဟု ငွေကျပ် ၁၀ သိန်းပေးလိုက်ရသည့် မိသားစုနှင့် နီးစပ်သူ တဦးက ပြောသည်။

ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူစာရင်းကို သက်ဆိုင်ရာ ရဲစခန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများမှ တဆင့် ရယူသွားခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ 

ထို့ပြင် ဗိုလ်ကြီးဥာဏ်ထွန်းအောင် ဦးဆောင်သည့် စစ်ကောင်စီတပ်သည် တောင်သာမြို့၊ ကျေးရွာတချို့က ငွေကြေးချမ်းသာသူများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးရိုက်နှက်ခြင်း၊ ငွေညစ်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။ 
 
"ဟုတ်တယ် အဲ့ဒါအမှန်ပဲ သူက(ဗိုလ်ကြီးဥာဏ်ထွန်းအောင်)က ခေါင်းဆောင်လုပ်ပြီး ဆက်ကြေးကောက်တယ်။  ရွာထဲက သူဌေးတွေကို PDF ကိုထောက်ပို့လုပ်တယ်ဆိုပြီးဖမ်းတယ် ။ ဖုန်းတွေ ကားတွေ သိမ်းတယ်"ဟု တောင်သာမြို့ဒေသခံတဦးကပြောသည်။ 

ပြီးခဲ့သည့် ဇူလိုင်လမှစ၍ ဇရပ်ကြီးကျေးရွာ အရှေ့ဘက်ခြမ်းနှင့် ရွာ၏ အနောက်ဘက်ခြမ်းရှိ ဘုန်းကြီးကျောင်းတွင် အထိုင်ချတပ်စွဲသည့် ထိုစစ်ကောင်စီတပ်ဖွဲ့ကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက မကြာမခဏ ပြောက်ကျားတိုက်ခိုက်သောကြောင့်  လက်ရှိတွင် ရွာလယ်ခေါင်ရှိ လူမနေသည့် နေအိမ်များတွင် ပြောင်းရွှေ့တပ်စွဲထားကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly