နိုင်ငံတော်အသရေဖျက်မှုနှင့် အပစ်ရပ် ရခိုင်လက်နက်ကိုင်အဖွဲ့မှ ခေါင်းဆောင်တစ်ဦးကို တရားစွဲ

နိုင်ငံတော်အသရေဖျက်မှုနှင့် အပစ်ရပ် ရခိုင်လက်နက်ကိုင်အဖွဲ့မှ ခေါင်းဆောင်တစ်ဦးကို တရားစွဲ
၂၀၁၄ ခုနှစ်က ကျင်းပခဲ့သော ရခိုင်အမျိုးသားညီလာခံကို တက်ရောက်လာသည့် ALP/ALA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - CJ)

ကျော်မင်း (စစ်တွေ) ၊ မေ ၉ ။         ။ နိုင်ငံတော်ကို အသရေဖျက်မှု၊ မမှန်မကန် စွပ်စွဲပြောကြားခဲ့မှုတို့ကြောင့် အပစ်ရပ်စဲထားသည့် ရခိုင်လက်နက်ကိုင်တစ်ဖွဲ့မှ ခေါင်းဆောင်တစ်ဦးကို ပြီးခဲ့သည့် မေ ၆       ရက်နေ့က မြန်မာ့တပ်မတော်မှ တရားစွဲဆိုခဲ့ကြောင်း သိရသည်။

ယင်းနောက် မေ ၆ ရက်နေ့တွင် ALP ၏ ဒုဥက္ကဌ ခိုင်မျိုးထွန်းကို ဒေသကွပ်ကဲမှုစစ်ဌာနချူပ်မှ စစ်ဦးစီးမှူး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး တင်နိုင်ထွန်းက တရားလိုပြုလုပ်ကာ စစ်တွေမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ သိရသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP/ALA ၏ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန ဒုဥက္ကဌ ခိုင်မျိုးထွန်းသည် ဧပြီ ၂၄ ရက် နေ့စွဲနှင့် ပါတီကြေညာချက် ထုတ်ပြန်ရာတွင် “မြန်မာ့တပ်မတော်မှ ရခိုင်ပြည်တွင်းစစ်အတွင်း ဒေသခံများကို အတင်းဓမ္မစေခိုင်းမှု၊ ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့ကြောင်း “ဖော်ပြပါရှိခဲ့ခြင်းအတွက် ဧပြီ ၂၇ ရက်နေ့တွင် ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ခေါ်ယူသတိပေးခဲ့ပြီး သက်သေအထောက်အထား မပြည့်စုံပါက တရားစွဲမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

"ခုက ရဲတပ်ဖွဲ့နဲ့ မဆိုင်ဘူးဖြစ်နေတယ်။ တပ်မတော်က တိုင်တဲ့အမှုဖြစ်နေလို့ပါ။ တရားစွဲထားတာတော့ မှန်ပါတယ်။"ဟု ပြည်နယ်ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

မေလ ၈ ရက်နေ့တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ စစ်ဘက်ဆိုင်ရာ ထိပ်တန်းခေါင်းဆောင်များက အစည်းအဝေးတစ်ခုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

"ဒါက ပြန်ကြားရေးဌာနက တာဝန်ရှိသူကို တရားစွဲတယ် ဆိုပေမယ့် ထုတ်ပြန်ချက်တိုင်းဟာ ပါတီတစ်ခုလုံးရဲ့ သဘောတူညီချက်ဖြစ်တာကြောင့် ဒါဟာ ပါတီတရားစွဲတာနဲ့ အတူတူပါပဲ။ တရားစွဲထားတာကတော့ ကျွန်တော်တို့လည်း သိနေပြီးပြီ။ ဒါပေမယ့် တရားဝင် အကြောင်းကြားတာတော့ မရှိသေးပါဘူး။ ကျွန်တော်တို့ဆီမှာ သက်သေတွေ အခိုင်အမာရှိပါတယ်။ အစိုးရအဖွဲ့နဲ့ အမြန်ဆုံးတွေ့ပြီး ဒါကို ဖြေရှင်းဖို့ ကြိုးစားသွားမှာပါ။ ဒါကို လက်မခံဘဲ သူတို့က ကျွန်တော်တို့ပေးတဲ့ သက်သေအထောက်အထားတွေကို လက်မခံဘဲ ဖမ်းဆီးမယ်၊ တရားစွဲမှုတွေ ထပ်ပြုလုပ်လာမယ်ဆိုရင် ကျွန်တော်တို့ဘက်က အပစ်ရပ်စာချူပ်ကို စတင်ဖျက်သိမ်းဖို့ ဝန်မလေးပါဘူး " ဟု ဒုဥက္ကဌ ခိုင်မျိုးထွန်းက ပြောသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီကို ၁၉၆၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး နှစ်ပေါင်း ၄၈ နှစ်အကြာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ်တွင် ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော် DKBA၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO၊ ချင်းအမျိုးသားတပ်ဦး CNF၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA စသည့် တိုင်းရင်းသား လက်နက်ကိုင် အဖဲ့ွ ၈ ဖွဲ့တို့နှင့်အတူ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်တွင် အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး စာချူပ်ကို ချူပ်ဆိုနိုင်ခဲ့သည့် ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required