အင်္ဂလီကန်​ ဘုရား​ကျောင်​းဝင်​းအတွင်​း ​စေတီနှင့်​ သိမ်​ထပ်​မံ​ဆောက်​

အင်္ဂလီကန်​ ဘုရား​ကျောင်​းဝင်​းအတွင်​း ​စေတီနှင့်​ သိမ်​ထပ်​မံ​ဆောက်​
ဓါတ်ပုံ -John Kanyaw Say

ရန်ကုန်၊ မေ ၃ ။              ။ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကွမ်းတောကျေးရွာရှိ အင်္ဂလီကန်ဘုရားကျောင်းဝင်းအတွင်း ယခင်က ဘုရား တစ်ဆူတည်ခဲ့သော နေရာအနီးတွင် စေတီတစ်ဆူနှင့် သိမ်တစ်ဆောင် ထပ်မံဆောက်လုပ် နေကြောင်း ယင်း ဘုရားကျောင်းမှ အင်္ဂလီကန်အသင်းတော် သင်းအုပ် ဆရာတော် စောစတိုင်လို ထံမှ သိရသည်။

" မနေ့က ၅နာရီလောက်မှာ လူ အားလုံး ၃ရာ ၄ရာလောက် ရောက်လာပြီးတော့ သိမ်နေရာအတွက် ဆိုပြီး တော့မှ နောက်စေတီတည်ဖို့နေရာဆိုပြီးတော့ ဘုရားကျောင်းထဲမှာ သစ်ပင်တွေ ထပ်လှဲတယ်။ အကုန်လုံးကို ပြောင်တလင်းအောင် လုပ်လိုက်တာပဲ။ ဒီမနက်ကျတော့ မနက် ၆နာရီ ၇နာရီလောက်မှာ သူတို့ရောက်လာ ကြ တယ်။ မြိုင်ကြီးငူ ဆရာတော် ကိုယ်တိုင်လည်းပါတယ်။ လာပြီးတော့ ပနက်ရိုက်တယ်။ ဘုရားကျောင်းဝင်းထဲမှာပဲ ဘုရားကျောင်းနဲ့ သိပ်မဝေးဘူး။ ပေ ၆၀ ၇၀လောက်ပဲဝေးမယ်ထင်တယ်။အဲဒီနေရာမှာ စေတီနောက်တစ်ဆူတယ်ဖို့ သတ်မှတ်လိုက်တယ်"ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၂၃ရက်နေ့ကလည်း အဆိုပါ ဘုရားကျောင်းဝင်းအတွင် စေတီတစ်ဆူတည်ခဲ့ပြီး ၂၅ရက်နေ့တွင်  လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ရွှေဂွန်းကျေးရွာရှိ ဗလီကျောင်းအနီးတွင်   စေတီတစ်ဆူတည်ခဲ့သည့်အတွက် ဝေဖန်မှုများထွက်ပေါ်ခဲ့သည်။

လက်ရှိတွင် အင်္ဂလီကန် ဘုရားကျောင်းအတွင်း၌ စေတီတစ်ဆူ ထပ်မံတည်နေပြီ ဖြစ်ပြီး ဗုဒ္ဓဘာသာ ဘုန်း တော် ကြီး များအပါအဝင် လူအင်အား ရာနှင့်ချီပါဝင်ကြောင်း သိရသည်။

" ၃ နာရီလောက်မှာ သိမ်မဆောက်သေးပဲနဲ့ စေတီတစ်ဆူကို အရင်ဆောက်တယ်ပေါ့။ သိမ်ကတော့ မနက်ဖြန် ကျမှ ဆောက်မယ်ထင်တယ်။ ဒီနေ့ကတော့  စေတီကတော့အပြီးတည်ကြမှာပေါ့နော်"ဟု ဘုရားကျောင်း တာဝန်ခံ ဆရာတော် ဘီးရှောစတိုင်လိုက ပြောသည်။

ယင်းကဲ့သို့ အင်္ဂလီကန် ဘုရားကျောင်းဝင်းအတွင်း စေတီထပ်တည်မှုနှင့် သိမ်ဆောက်မှုများ ပြုလုပ်လာသည့် အတွက် ဘုရားကျောင်းတာဝန်ခံဆရာတော်မှ မေ၂ရက်နေ့ကပင် ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ကရင်ပြည်နယ် နယ်လုံ ဝန်ကြီး၊ ပြည်နယ် ရဲမှူးကြီးအပါအဝင် ပြည်နယ် သံဃာ့မဟာနာယက အဖွဲ့ထံသို့ စာရေးသား ပေးပို့၍ အကြောင်း ကြားထားခဲ့ပြီး ယနေ့ မေလ ၃ရက်နေ့ နံနက်ပိုင်းတွင်လည်း ပြည်နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ထံသို့ လိပ်မူ၍ ဖြစ်စဉ်နှင့် ပတ်သက်ကာ အကြောင်းကြားစာ ပေးပို့ထားကြောင်းလည်း သိရသည်။

" ဘာမှလည်း လုပ်လို့မရဘူး။ စိတ်တော့မကောင်းဘူးပေါ့ဗျာ။ နောက် ကိုယ်သွားလုပ်လို့ရှိရင်လည်း ကိုယ့်ဘက်က အလွန်ဖြစ်သွားမယ်။ နောက်ပြီးတော့ ကိုယ့်ကြောင့်လည်း ပဋိပက္ခဖြစ်တာမျိုး ကျွန်တော်တို့မလိုလားဘူးဗျ။ ဒါ ကြောင့်မို့ ဘာမှမလုပ်ဘူးပေါ့ဗျာ"ဟု ဖားအံမြို့မှ အဆိုပါ ဘုရားကျောင်းသို့ရောက်ရှိနေသည့် ဘုရားကျောင်း၏ အ သင်းသား ကိုဂျွန်ကညောစေးက ပြောသည်။

လက်ရှိတွင် စေတီတစ်ဆူနှင့် သိမ်တစ်စောင်တည်ဆောက်ရန် လုပ်ဆောင်နေသည်ဖြစ်သော်လည်း အဆိုပါ ဘုရားကျောင်း၏ အနီးပတ်ဝန်းကျင်တွင် စေတီ (၈)ဆူ ထပ်မံတည်ရန် မြေနေရာ တိုင်းတာထားကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required