အပြီးသတ်သိမ်းပိုက်ရန် ကျန်ရှိနေသေးသော “နှုံးဘူးဗျူဟာ” ကို AA သိမ်းပိုက် 

By ဓါတု (မဇ္ဈိမ)
12 December 2023
အပြီးသတ်သိမ်းပိုက်ရန် ကျန်ရှိနေသေးသော “နှုံးဘူးဗျူဟာ” ကို AA သိမ်းပိုက် 

 ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ အပြီးသတ်သိမ်းပိုက်ရန် ကျန်ရှိနေသေးသောစစ်ကောင်စီ၏ “နှုံးဘူးဗျူဟာ” အား  ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်နိုင်ခဲ့ကြောင်းယမန်နေ့ဒီဇင်ဘာလ ၁၁ ရက် ညဥ့်နက်ပိုင်းကထုတ်ပြန်ထားသည်။

စစ်ကောင်စီ အထိုင်ချထားသော ဗျူဟာစခန်းကုန်းကြီးနှစ်ခုအနက် ယင်းဗျူဟာကုန်းအား ဒီဇင်ဘာလ ၁၀ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ် အချိန်တွင် AA က အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စိီ "နှုံးဘူး" ဗျူဟာမှူး၏ အလောင်းအပါအဝင် တပ်သားအလောင်းအချို့နှင့်လက်နက်ခဲယမ်းအများအပြားပါသိမ်းဆည်းနိုင်ခဲ့ကြောင်းသိရသည်။

ထို့ပြင်  ရဟတ်ယာဉ်ကွင်း နှစ်ကွင်းပါရှိသော တရွန်အိုင်ဗျူဟာစခန်းကုန်းကြီးအားပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက် ကသိမ်းပိုက်နိုင်ခဲ့ရာ စစ်ဆင်ရေးရက်ပေါင်း၂၇ ရက်တာကာလအတွင်းဗျူဟာကုန်းနှစ်ခုလုံးအား AA က သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

 AA၏ ထိုးစစ်ကာလအတွင်း  စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ကူအပါအဝင် လေကြောင်းဖြင့်ပါ နေ့စဥ်ရက်ဆက်ပစ်ခတ်တိုက်ခိုက် ခုခံခဲ့သေးသည်။

ချင်း-ရခိုင်နယ်စပ် ပလက်ဝဒေသရှိ စစ်ကောင်စီ၏" တရွန်အိုင်ဗျူဟာ”နှင့် “နှုံးဘူးဗျူဟာ” ကုန်းကြီးနှစ်ခုအား ရက္ခိုင့်တပ်တော် (AA)က နိုဝင်ဘာလ ၁၄ ရက်မှစ၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ရခိုင်ပြည်နယ်အတွင်း တစ်ပိုင်းတစ်စ သိမ်းပိုက်ရန်ကျန်ရှိနေသေးသော စစ်ကောင်စီတပ်စခန်းများကိုလည်း ဆက်လက် သိမ်းပိုက်ရယူနိုင်ရေးအတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားကြောင်းဖော်ပြထားသည်။

တိုက်ပွဲပြင်းထန်နေသည့်ရခိုင်ပြည်နယ်၊ပေါက်တောမြို့တွင် ယမန်နေ့ဒီဇင်ဘာလ ၁၁ ရက်အထိ နှစ်ဖက်  ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ  ကြည်း၊ ရေ၊ လေ တပ််များဖြင့် ခုခံတိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် တိုက်ပွဲမရှိသည့် အမ်းမြို့၊ပုဏ္ဏားကျွန်း၊မောင်တောမြို့များတွင်လည်း လက်နက်ကြီးများဖြင့်နေ့စဥ်ပစ်ခတ်နေမှုများကြောင့် နေအိမ်၊စျေးများ၊အရပ်သားများထိခိုက်သေဆုံးမှုရှိကြောင်းဒေသခံများထံသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#နှုံးဘူးဗျူဟာ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly