မငြိမ်မသက်မှုတို့အကြား မြန်မာနိုင်ငံသား ၂,၂၀၀ ကျော် မဏိပူရ်တွင် ဝင်ရောက်ခိုလှုံ

By The Hindustan Times
12 December 2023
မငြိမ်မသက်မှုတို့အကြား မြန်မာနိုင်ငံသား ၂,၂၀၀ ကျော် မဏိပူရ်တွင် ဝင်ရောက်ခိုလှုံ

မြန်မာနိုင်ငံတွင် မငြိမ်မသက်မှုတို့ ဖြစ်ပေါ်စဉ် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း မြန်မာနိုင်ငံမှ လူ ၂,၂၀၀ ကျော်သည် အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၏ နယ်စပ်ခရိုင် ကမ်ဂျုံသို့ ခိုလှုံရန် ရောက်ရှိလာကြောင်း အိန္ဒိယတာဝန်ရှိသူများက ဒီဇင်ဘာ ၁၁ ရက်တွင် အတည်ပြုသည်။

“ဒီဇင်ဘာ ၁၀ ရက်အထိဆိုရင် ဒုက္ခသည် ၂,၂၆၀ လောက် ကမ်ဂျုံခရိုင်မှာ လာရောက် ခိုလှုံနေပါတယ်။ ဇီဝအချက်အလက် ၁,၇၇၈ ခုလောက်လည်း ကောက်ယူထားပါတယ်။ တချို့ကတော့ တနင်္ဂနွေနေ့မှာ ရောက်လာကြတာပါ” ဟု ကမ်ဂျုံခရိုင်မှ အကြီးတန်းအရာရှိတဦးက ပြောသည်။

အမျိုးသမီးများနှင့် ကလေးအများစု အပါအဝင် မြန်မာဒုက္ခသည်များကို ဖိုင်ခိုဟ်၊ အိတ်ရှ် သာနာ/ဆန်းဂ်ကာလော့ခ်၊ ကေ အာရှန်း ခူလန်၊ ဝမ်ဂလီနှင့် နမ်လီ ကျေးရွာများအောက်ရှိ ဧရိယာများ၌ ပြီးခဲ့သည့်လမှစပြီး အစားအစာနှင့် လိုအပ်သည့် အိမ်ထောင်စုသုံး ပစ္စည်းများ ထောက်ပံ့ပေးထားကြောင်း တာဝန်ရှိသူများက ပြောသည်။

မဏိပူရ်၏ ခရိုင်ငါးခုဖြစ်သည့် ချူရာချန်ဒ်ပူရ်၊ ချန်ဒဲလ်၊ ကမ်ဂျုံ၊ တန်နိုပယ်လ်နှင့် အူခရူလ် တို့သည် မြန်မာနှင့် ၃၉၈ ကီလိုမီတာရှည်လျားသည့် နိုင်ငံတကာနယ်စပ်တခု ထိစပ်နေသည်။ ကမ်ဂျုံခရိုင်တခုတည်းသည် မြန်မာနှင့် ၁၀၉ ကီလိုမီတာရှိ နယ်စပ်တခု ထိစပ်နေသည်။

သို့သော် မြန်မာနှင့် နိုင်ငံတကာ နယ်စပ်၏ ကမ်ဂျုံအပိုင်းတွင် နယ်စပ်အမှတ်အသားတိုင်များမှလွဲပြီး နယ်စပ်စည်းရိုး ကာရံထားခြင်း မရှိဟု တာဝန်ရှိသူတဦးက ပြောသည်။

အာသံရိုင်ဖယ်တပ်ဖွဲ့နှင့် မဏိပူရ်ရဲတပ်ဖွဲ့တို့က နယ်စပ်ဖြတ်ကျော် လှုပ်ရှားသွားလာမှုကို စစ်ဆေးရန် နယ်စပ်ဒေသကို တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly