မြန်မာစစ်ဗိုလ်ချုပ်များအား ရာဇဝတ်မှုဆိုင်ရာတိုင်ကြားချက်ကိစ္စ စုံစမ်းစစ်ဆေးမှု မပြုရန် ဂျာမနီပြည်ထောင်စုအစိုးရရှေ့နေချုပ် ဆုံးဖြတ်

By 001(မဇ္စျိမ)
01 December 2023
မြန်မာစစ်ဗိုလ်ချုပ်များအား ရာဇဝတ်မှုဆိုင်ရာတိုင်ကြားချက်ကိစ္စ စုံစမ်းစစ်ဆေးမှု မပြုရန် ဂျာမနီပြည်ထောင်စုအစိုးရရှေ့နေချုပ် ဆုံးဖြတ်

မြန်မာစစ်ဗိုလ်ချုပ်များအား ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု မပြုလုပ်ရန် ဂျာမနီပြည်ထောင်စုအစိုးရရှေ့နေချုပ်က ဆုံးဖြတ်ခဲ့ကြောင်း အဆိုပါ တိုင်ကြားမှုကို ဆောင်ရွက်ရာတွင်ပါဝင်သည့် Fortify Rights က နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် မြန်မာနိုင်ငံမှ အကြီးတန်း စစ်ဗိုလ်ချုပ်ကြီးများနှင့် အပေါင်းအပါများအား ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များအတွင်း ရိုဟင်ဂျာများအား လူမျိုးတုံးသတ်ဖြတ်မှုနှင့် အာဏာသိမ်းခြင်းနှင့် ဆက်စပ်သည့် ကျူးလွန်သော ရာဇဝတ်မှုများအပေါ် Fortify Rights နှင့် မြန်မာနိုင်ငံမှ တိုင်ကြားသူ ၁၆ ဦးတို့က ရာဇဝတ်မှုဆိုင်ရာတိုင်ကြားစာကို ဂျာမနီနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလအတွင်းက တင်သွင်းထားခြင်းဖြစ်သည်။

အဆိုပါ တိုင်ကြားချက်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုမပြုရန် ဆုံးဖြတ်ခဲ့သည့်အပေါ် Fortify Rights ၏ အမှုဆောင်အရာရှိချုပ် Matthew Smith က “အစိုးရရှေ့နေချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ အတော်စိတ်ပျက်စရာကောင်းပါတယ်” ဟု ဆိုသည်။ တိုင်ကြားချက်ပါအထောက်အထားများ၊ တရားရေးဆိုင်ရာဆွေးနွေးမှုများ၏ ခိုင်လုံမှုနှင့် ပတ်သက်ပြီး ယုံကြည်မှုအပြည့်အဝရှိကြောင်းလည်း ၎င်းက ဆိုသည်။

အဆိုပါ တိုင်ကြားစာအား တင်သွင်းရာတွင် ပါဝင်သည့်  ၁၆ ဦးအနက် ထက်ဝက်ခန့်မှာ ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုနှင့် ၂၀၁၆ ၊ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်ဦးဆောင်သည့် နယ်မြေရှင်းလင်းရေးမှ လွတ်မြောက်ခဲ့ကြသူများဖြစ်ပြီး ကျန်တဝက်မှာ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း အာဏာသိမ်းပြီးနောက် ရက်စက်ကြမ်းကြုတ်မှုများမှ လွတ်မြောက်လာသူများဖြစ်ကြောင်း Fortify Rights ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် တိုင်ကြားခံရသည့် သံသယရှိသူများ ဂျာမနီနိုင်ငံတွင် ရှိမနေခြင်းနှင့် အဆိုပါ စုံစမ်းစစ်ဆေးမှုက လက်ရှိဆောင်ရွက်နေသည့် မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM)၏ လုပ်ငန်းတာဝန်ကို တပုံစံတည်း ထပ်ပွားသကဲ့သို့ ဖြစ်စေမည်ဟု ယုံကြည်သည့်အတွက် ဂျာမနီပြည်ထောင်စုအစိုးရရှေ့နေချုပ်က စုံစမ်းစစ်ဆေးရေးစတင်လုပ်ဆောင်ရန် ပြီးခဲ့သည့်လက ငြင်းပယ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဂျာမနီအစိုးရက မြန်မာနိုင်ငံရှိ ရာဇဝတ်မှုဆိုင်ရာ အထောက်အထားများ စုဆောင်းထိန်းသိမ်းရန် ကြိုးပမ်းနေမှုများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းနှင့် အဆိုပါ ဆုံးဖြတ်ချက်မှာ တိုင်ကြားသူများက တင်ပြထားသည့် အထောက်အထားများ၏ ခိုင်လုံမှုနှင့် မသက်ဆိုင်ကြောင်းကို အစိုးရရှေ့နေချုပ်က ရှင်းရှင်းလင်းလင်းတင်ပြခဲ့ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်ဗိုလ်ချုပ်များက ကျူးလွန်ခဲ့သည့် ကြီးလေးသော ရာဇဝတ်မှုများအတွက် တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး လွတ်မြောက်လာသူများအပါအဝင် အခြားသူများနှင့်အတူ မဟာနည်းဗျူဟာ အသစ်များဖြင့် အဆုံးတိုင်အောင် ကြိုးစားဆောင်ရွက်နေကြောင်း Fortify Rights ၏ အမှုဆောင်အရာရှိချုပ် Matthew Smith က ပြောသည်။

လက်ရှိ ပယ်ချခံရသည့် တိုင်ကြားချက်ပါ စုဆောင်းမှတ်တမ်းတင်ထားသည့် အထောက်အထားများမှာ အလဟဿဖြစ်သွားမည်မဟုတ်ဘဲ ဖြစ်နိုင်ချေရှိသည့်အချိန်တခုရောက်ပါက ရာဇဝတ်မှုများ ကျူးလွန်သူများအား အရေးယူဆောင်ရွက်ရန် မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) နှင့်တကွ အခြားအလားအလာရှိသော လမ်းကြောင်းများနှင့်လည်း မျှဝေကာပူးတွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း Fortify Rights က ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly