ဘီးလင်းတွင် KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်

By YT(မဇ္ဈိမ)
02 December 2023
ဘီးလင်းတွင် KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်
ပုံညွှန်း - KNLA စစ်သားတဦးကို တွေ့ရစဉ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်တွင် ထိခိုက်၊ သေဆုံးသူများရှိကြောင်း ပူးပေါင်းတပ်ဖွဲ့ ဝင်များထံမှ သိရသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန်မှစ၍ ဒေါက်ရပ်ကျေးရွာ အနီးသို့ စစ်ကြောင်းထိုးလာသော အင်အား ၆၀ ဝန်းကျင်ပါသည့် စစ်ကောင်စီတပ် စစ်ကြောင်းနှင့် တပ်မဟာ (၁) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂)၊ တောကျီးကန်းစစ်ကြောင်း၊ တပင်ရွှေထီးစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့အကြား မိနစ် ၂၀ ခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

"ရန်သူနဲ့ ကိုယ်တွေနဲ့ ကိုက် ၅၀ ပဲကွာတယ်၊ ဖြစ်တဲ့နေရာက ဒေါက်ရပ်ရွာနဲ့ နီးတယ်၊ ကားလမ်းဘေးပဲ၊ ကိုယ့်ဘက်က အသာစီးရသွားတော့ သူတို့ အထိနာကုန်တာ၊ သူတို့ ထိသွားတော့ အမတ (၃၁၄) ကနေ လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်တာပါ၊ ကိုယ့်ဘက်က အဲ့မှာ မရှိတော့ အထိအခိုက် မရှိဘူး" ဟု တောကျီးကန်းစစ်ကြောင်းမှ တပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်တွင် ၁၀ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်တွင် အထိအခိုက် မရှိခဲ့ကြောင်း တောကျီးကန်းစစ်ကြောင်းမှ တပ်ဖွဲ့ဝင်က ဆက်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက် မရသေးပေ။

ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေစဉ်အတွင်း ဇီးဝန်းအခြေစိုက် စစ်ကောင်စီအမြှောက်တပ် အမတ (၃၁၄) မှ လက်နက်ကြီး ပစ်ကူပေးခဲ့ကြောင်းလည်း သိရသည်။

"အခုကတော့ ဒီစကစစစ်ကြောင်းက ပြန်ဆုတ်သွားပြီ၊ ဘယ်မှာ ရှိနေလည်း မသိပေမယ့် ရွာထဲကနေတော့ ပြန်ဆုတ်သွားပြီ" ဟု ပူးပေါင်းတပ်ဖွဲ့ဝင်တဦးက ပြောသည်။

စစ်ကောင်စီတပ်က ဒေါက်ရပ်ကျေးရွာအနီး ရန်ကုန်- မော်လမြိုင် ကားလမ်းမကြီးကို ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်သဖြင့် ၁ နာရီခန့်ကြာ ယာဉ်ပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့၊ ညပိုင်းကလည်း သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၉) ကို ဒေသတွင်းအခြေစိုက် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တဖွဲ့က ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

စာတည်း။    ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly