ရွှေဘိုမှာ ကင်းလှည့်ထွက်သည့်စစ်ကြောင်းကို ချုံခိုတိုက်ခိုက် စစ်သား ၃ ဦးသေဆုံး

By MTO(မဇ္ဈိမ)
02 December 2023
ရွှေဘိုမှာ ကင်းလှည့်ထွက်သည့်စစ်ကြောင်းကို ချုံခိုတိုက်ခိုက် စစ်သား ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ပလိုင်းရွာစာသင်ကျောင်းအတွင်းမှ ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို အနီးကပ်ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးသွားကြောင်း War Lord Defense Force – Shwe Bo အဖွဲ့က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၃၀ရက်နေ့ ပလိုင်းရွာစာသင်ကျောင်းအတွင်းမှ အင်အား ၁၅ ဦးဖြင့် ကင်းပတ်ထွက်သည့် စစ်ကောင်စီစစ်ကြောင်းသည် ကာကွယ်ရေးတပ်ဖွဲ့များကင်းပုန်းယူထားသည့်နေရာသို့ ရောက်ရှိလာသည့်အတွက် အနီးကပ်ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း War Lord Defense Force – Shwe Bo အဖွဲ့ တာဝန်ရှိသူက ပြောသည်။

၎င်းက “ ထိတွေ့တိုက်ခိုက်တဲ့ အချိန်ကတော့ မိနစ် ၃၀ခန့်ကြာခဲ့တယ်ဗျ။ ကျတော်တို့ မျက်မြင်ကို သူတို့ဘက်က သုံးကောင်ကျတယ်။ ကျနော်တို့ကာကွယ်ရေးအဖွဲ့တွေကတော့ အထိအခိုက်မရှိပါဘူး ဗျ။ ပလိုင်းနဲ့ ရွာသာမှာ အထိုင်ချတပ်စွဲထားသော စစ်သားနဲ့ ပျူတွေတပ်ကူရောက်ရှိလာလို့ နောက်ဆုတ်ခဲ့ပါတယ်ဗျ “ ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ နှင့် ပျူစောထီးပူးပေါင်းအင်အား ၂၀ လောက်ဖြင့် ပလိုင်းရွာစာသင်ကျောင်းအတွင်းမှာ အထိုင်ချတပ်စွဲထားသည်မှာ အချိန်မှာ နှစ်နှစ်ကျော်လောက် ရှိနေပြီဖြစ်ပြီး ပလိုင်းရွာအရှေ့ဘက် နှစ်မိုင် အကွာလောက်မှာရှိတဲ့ ရွာသာရွာက ပျူစောထီးများနှင့် ပူးပေါင်းလေ့ရှိပြီး စုစုပေါင်း အင်အား ၁၀၀ ဝန်းကျင်လောက်ရှိကြောင်း ဒေသခံများထံက သိရသည်၊

“ ပလိုင်းကို အထိုင်ချတပ်စွဲပြီး ပြည်သူများကို ဆက်ကြေးကောက်ခြင်း လက်နက်ကြီး ငယ်ဖြင့် ရမ်းသန်းပစ်ခတ်ခြင်း အမျိုးမျိုးနှိပ်စက်မှုတွေကြောင့် တနှစ်အကြာမှာ ပြည်သူတွေဟာ နေရပ်ကို စွန့်ခွာသွားကြတာဗျ” ဟု ပြောသည်။

ယခုတိုက်ခိုက်မှုကို War Lord Defense Force PDF B4-C2 မဟာမိတ်ညီနောင်များဖြစ်သော Guardian Force PDF B4-C1 /Snake Eyes PDF B4-C-3/တောဗိုလ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့်နယ်ခံ ပကဖများ က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly