တောင်တရုတ်ပင်လယ်တွင် “လုံခြုံရေးခြိမ်းခြောက်သူ” အဖြစ် တရုတ်စွပ်စွဲချက်အား အမေရိကန် တုံ့ပြန်

တောင်တရုတ်ပင်လယ်တွင် “လုံခြုံရေးခြိမ်းခြောက်သူ” အဖြစ် တရုတ်စွပ်စွဲချက်အား အမေရိကန် တုံ့ပြန်
Photo - REUTERS

အမေရိကန် ဒုံးဖျက်စစ်သင်္ဘော (USS Hopper) သည် တောင်တရုတ်ပင်လယ်ရှိ ရှီဟွာ ကျွန်းစုများ၏ ရေပိုင်နက်အတွင်းသို့ ဝင်ရောက်လာချိန်တွင် တရုတ် စစ်သင်္ဘော မှ ပြင်းပြင်းထန်ထန် သတိပေးချက်ကို အမေရိကန်က နိုဝင်ဘာ ၂၆ တွင် တုံ့ပြန်လိုက်သည်။

တရုတ်၏ သတိပေးချက်ကို တုံ့ပြန်သည့်အနေဖြင့် “Hopper သည် ပါဆယ်ကျွန်းစုများ အနီး တောင်တရုတ်ပင်လယ်အတွင်း နိုင်ငံတကာဥပဒေနှင့်အညီ ရေကြောင်း သွားလာခွင့် ဆိုင်ရာ အခွင့်အရေးများ အရ သွားလာခြင်းဖြစ်ကြောင်း” အမေရိကန်ရေတပ်မှ အခိုင်အမာ ပြောကြားလိုက်သည်။

အမေရိကန် ကျူးကျော်ဝင်ရောက်မှုသည် တရုတ်၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ပြင်းထန်စွာ ချိုးဖောက်မှုဖြစ်ကြောင်း တရုတ် တောင်ပိုင်း စစ်ဒေသမှ အကြီးတန်း ဗိုလ်မှူးကြီး ထျန်ကျွန်းလီ က ကန့်ကွက် သတိပေးပြီးနောက် ယခုကဲ့သို့ အမေရိကန်ဘက်မှ တုံ့ပြန်လာခြင်းဖြစ်သည်။ 

အမေရိကန်သည် "ရေကြောင်းဆိုင်ရာ သြဇာလွှမ်းမိုးမှု" ရရန် ကြိုးစားနေပြီး "တောင်တရုတ်ပင်လယ်တွင် စစ်ရေးပြင်ဆင်မှု"  လုပ်ဆောင်နေသည် ဟုလည်း ၎င်း ကစွပ်စွဲသည်။

တရုတ်တောင်ပိုင်းစစ်ဒေသ သည် USS Hopper ကို စောင့်ကြည့် ရန် လေကြောင်းနှင့် ရေကြောင်း တပ်ဖွဲ့များ ဖြန့်ကျက်ထားသည်။

နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် လိုအပ်သည်များကို ကိုင်တွယ်ဖြေရှင်းရာတွင် သတိရှိရှိ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တရုတ် ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

အမေရိကန်ကို “တောင်တရုတ်ပင်လယ်အတွင်း လုံခြုံရေး ခြိမ်းခြောက်သူ” အဖြစ် သတ်မှတ်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အကြီးမားဆုံး ဖျက်ဆီးသူဟု ၎င်းက စွပ်စွဲသည်။

အမေရိကန်-ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်မှုဖိလစ်ပိုင်နှင့် အမေရိကန်တပ်များသည် ထိုင်ဝမ်အနီးရှိ ရေပြင်တွင် နိုဝင်ဘာ ၂၁ က ပူးတွဲ ကင်းလှည့်ခဲ့သည်။ ယင်းနောက် ဖိလစ်ပိုင်သည် တောင်တရုတ်ပင်လယ်တွင် ပူးတွဲကင်းလှည့်ရန် "နိုင်ငံခြားတပ်ဖွဲ့များ" နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု တရုတ်က စွပ်စွဲသည်။

"ကမ္ဘာတဝန်းမှာ ပင်လယ်ရေကြောင်း လွတ်လပ်ခွင့်ဆိုင်ရာ တောင်းဆိုမှု အများအပြား အတွက် တောင်းဆိုသူ မည်သူမည်ဝါ ဖြစ်ပါစေ  အမေရိကန်အနေနဲ့ စိန်ခေါ်မှု တွေနဲ့ ရင်ဆိုင်ရပါတယ်။  

တောင်တရုတ်ပင်လယ်မှာ တရားမ၀င် ရေကြောင်းပိုင်နက်ဆိုင်ရာ တောင်းဆိုမှုတွေက ပင်လယ်ရေကြောင်း လွတ်လပ်ခွင့်အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတခု ဖြစ်လာစေတယ်” ဟု အမေရိကန် အမှတ်(၇)ရေတပ်၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်ချုပ်ကြီး ခရစ်စတီးနား ဝီဒီမန်း က ဆိုသည်။

ဖိလစ်ပိုင်နှင့် ဩစတြေးလျတို့သည် ရေကြောင်း နှင့် လေကြောင်း ပူးတွဲ ကင်းလှည့်ခြင်းများကို စတင် လုပ်ဆောင်ခဲ့ပြီး ယင်းဧရိယာအတွင်း ရှုပ်ထွေးသော လုပ်ဆောင်ချက်များကို ဖြစ်ပေါ်စေကာ စွပ်စွဲမှုများနှင့် တန်ပြန်စွပ်စွဲမှုများလည်း အများအပြားရှိခဲ့သည်။

တောင်တရုတ်ပင်လယ်တွင် “အန္တရာယ်ရှိသော တရုတ်၏ ဥပဒေမဲ့ လုပ်ရပ်များ” နှင့် ပတ်သက်၍ အမေရိကန်က စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး အမေရိကန်နှင့် တရုတ်တို့သည် ရေကြောင်းဆိုင်ရာ ပြဿနာများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြသည်။

၂၀၁၆ ခုနှစ်တွင် အမြဲတမ်း အနုညာတခုံသမာဓိရုံးမှ ပယ်ချခဲ့သည့် အငြင်းပွားမှု ဖြစ်ခဲ့သော ဒေသတခုလုံးနီးပါးကို တရုတ်က တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required