မတူပီမြို့အဝင်ဂိတ်ကို CDF တိုက်ခိုက်၍ ၇ ဦးသေပြီး သေနတ် ၃ လက်ရရှိ

By ကိုခင်မောင်(မဇ္စျိမ)
02 December 2023
မတူပီမြို့အဝင်ဂိတ်ကို CDF တိုက်ခိုက်၍ ၇ ဦးသေပြီး သေနတ် ၃ လက်ရရှိ
ပုံအညွှန်း ။    ။ မတူပီမြို့အဝင်ရှိ စစ်ကောင်စီတပ်၏ ကာကင်းစခန်းတိုက်ခိုက်မှုတွင် သိမ်းဆည်းရရှိထားသော လက်နက်များနှင့် CDF- Matupi တပ်ဖွဲ့ဝင်များ၊ Photo- (CDF- Matupi)

ချင်းပြည်နယ်၊ မတူပီမြို့အဝင်ရှိ စစ်ကောင်စီတပ် ကာကင်းစခန်းအား CDF မတူပီက ဒီဇင်ဘာလ ၁ ရက်နေ့တွင် စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ခုနစ်ဦးသေဆုံးပြီး သေနတ်သုံးလက် သိမ်းဆည်းရရှိခဲ့သည်ဟု ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ - မတူပီတာဝန်ရှိသူ မဇ္ဈိမကို အတည်ပြုသည်။

အင်အား ၂၀ ခန့် တပ်စွဲနေရာယူထားသော မြို့ဝင်ဂိတ်ကို CDF မတူပီက ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီတွင် တိုက်ခိုက်ခဲ့ခြင်းပြီး ကာကင်းစခန်းကို သိမ်းယူခြင်နိုင်ခြင်းတော့ မရှိခဲ့ကြောင်း ၎င်းက ပြောသည်။

“မတူပီမြို့အဝင် ဂိတ်ပါ၊ အဲ့ဂိတ်မှာ စစ်ကောင်စီတပ်အင်အားက ၂၀ လောက်ရှိပါတယ်၊ အဲ ကာကင်းစခန်းကို သိမ်းယူနိုင်တာတော့မရှိဘူး၊ စစ်ကောင်စီတပ်ဘက်က ခုဦးသေဆုံးတာကို မျက်မြင်တွေ့ ရှိသလို တပ်တွင်းသတင်းကိုလည်း ပြန်လည်အတည်ပြုရတာပါ” ဟု ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ - မတူပီမှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကိုင်ဆောင်သော MA-3 သေနတ်နှစ်လက်၊ MA-5 ပစ္စတိုတလက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း CDF - မတူပီက ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဘက်မှု ၎င်းတို့၏ တပ်စခန်းတိုက်ခိုက်ခံရမှုနှင့် တပ်ဖွဲ့ဝင်များ သေဆုံးမှုရှိကြောင်း CDF ၏ ထုတ်ပြန်ချက်အပေါ် တစုံတရာ တုံ့ပြန်ခြင်း၊ ထုတ်ပြန်လာခြင်းမျိုး မရှိသေးပေ။

ထိုတိုက်ပွဲအတွင်း မတူပီမြို့ပေါ်ရှိ စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း ခလရ (၂၇၄) တပ်မှ လက်နက်ကြီးများဖြင့် တိုက်ပွဲနေရာဘက်သို့ ပစ်ကူပေးခဲ့ကြောင်း သိရသည်။

မတူပီမြို့နယ်ရှိ စစ်ကောင်စီတပ်များနှင့် ရဲသားများအနေဖြင့် ပြည်သူနှင့်အတူ အမြန်ဆုံး ပူးပေါင်းကြရန် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီက တိုက်တွန်းထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်ကလည်း မတူပီ-ဟားခါးလမ်းပေါ်သို့ အင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များအား  ချင်းလဲန်းကာကွယ် ရေးတပ်ဖွဲ့-မတူပီမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးသေဆုံးပြီး တဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

စာတည်း။   ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly