Walmart သည် တရုတ်သွင်းကုန်များကို အိန္ဒိယ သွင်းကုန်များ နှင့် အစားထိုး

Walmart သည် တရုတ်သွင်းကုန်များကို အိန္ဒိယ သွင်းကုန်များ နှင့် အစားထိုး
ဓာတ်ပုံ-  Walmart Facebook Page

အမေရိကန် Walmart (WMT.N) ကုမ္ပဏီ သည် တရုတ်မှ သွင်းကုန်များအပေါ် မှီခိုမှု လျှော့ချ၍ အိန္ဒိယ မှ သွင်းကုန်များ ပိုမိုတင်သွင်းခြင်းဖြင့် ထောက်ပံ့ရေးကွင်းဆက် ကို ကွဲပြားစေရန်နှင့် စရိတ် လျှော့ချရန် ကြိုးစားနေကြောင်း  Reuter သတင်းဌာန မှ ဖော်ပြသည်။

ကမ္ဘာ့အကြီးဆုံး လက်လီရောင်းချသော ကုမ္ပဏီ Walmart သည် ယခုနှစ် ဇန်နဝါရီလ မှ သြဂုတ်လ အတွင်း အမေရိကန်သွင်းကုန်များ၏ လေးပုံတပုံကို အိန္ဒိယမှ တင်သွင်းခဲ့ကြောင်း Import Yeti မှ အချက်အလက်များအရ သိရသည်။ ယင်းပမာဏ သည် ၂၀၁၈ ခုနှစ် နှင့် နှိုင်းယှဉ်လျှင် နှစ်ရာခိုင်နှုန်းသာ ရှိသည်။  

၂၀၁၈ ခုနှစ်တွင် တရုတ် မှ တင်သွင်းမှု ၈၀ ရာခိုင်နှုန်း ရှိရာမှ ၆၀ ရာခိုင်နှုန်း သို့ လျှော့ချ လိုက်သည်။  သို့သော် တရုတ်သည် Walmart သို့ ကုန်ပစ္စည်းတင်သွင်းမှု တွင်  အများဆုံး နိုင်ငံဖြစ်နေဆဲဖြစ်သည်။

တရုတ်မှ တင်သွင်းမှုစရိတ် မြင့်တက်လာခြင်းနှင့် အမေရိကန်နှင့် တရုတ်ကြား နိုင်ငံရေးတင်းမာမှုများ တိုးမြင့်လာခြင်းသည် အိန္ဒိယ၊ ထိုင်းနှင့် ဗီယက်နမ် အပါအဝင် အခြား နိုင်ငံများမှ အမေရိကန် သို့ ကုန်ပစ္စည်း တင်သွင်းရန် ကြီးမားသော တွန်းအားပေးမှု ဖြစ်သည်။

အမေရိကန် တွင် စားသုံးသူများသည် စားသောက်ကုန်စျေးနှုန်းမြင့်မားခြင်းနှင့် အတိုးနှုန်း မြင့်မားခြင်း ကို ကြုံတွေ့နေရပြီး စုဆောင်းငွေ နည်းပါးလာကြခြင်းသည် Walmart နှင့် အခြားသော လက်လီရောင်းချသူများ အနေဖြင့် စားသုံးသူအသုံးစရိတ် မြင့်မားလားခြင်းကို သတိထားမိလာသည်။

"ကျွန်တော်တို့ အကောင်းဆုံးစျေးနှုန်းတွေကို လိုချင်ပါတယ်” ဟု Walmart ၏ အရင်းအမြစ်ရှာဖွေရေး ဒုတိယဥက္ကဋ္ဌ အန်ဒရီးရာ အဲလ်ဘရိုက် က အင်တာဗျူးတခုတွင် ပြောကြားသည်။ "ဆိုလိုတာက ကျွန်တော်တို့ရဲ့ ထောက်ပံ့ရေးကွင်းဆက်တွေမှာ ခံနိုင်ရည်ရှိဖို့ လိုတယ်။ ဟာရီကိန်းမုန်တိုင်းတွေ၊ ငလျင်လှုပ်ခတ်မှုတွေ ကနေ ကုန်ကြမ်းပြတ်တောက်မှုတွေ အထိ အမြဲတမ်း စီမံခန့်ခွဲနေရတာကြောင့် ထုတ်ကုန်အတွက် တင်သွင်းသူ တဦးတည်း ဒါမှမဟုတ် ကုန်ပစ္စည်း တွေရဲ့ ပထဝီဝင် အနေအထားပေါ်ကို မှီခိုနေလို့ မရပါဘူး" ဟု သူက ပြောသည်။

“ကျွန်တော်တို့ က တိုးတက်မှု ရှိတဲ့ လုပ်ငန်းတခု ဖြစ်ပြီး ထုတ်လုပ်မှု စွမ်းရည် ပိုမို ကောင်းမွန်လာအောင် ကြိုးစားနေပါတယ်” ဟု Walmart မှ တာဝန်ရှိသူက ပြောသည်။

အိန္ဒိယသည် အဆိုပါ ကုန်ထုတ်လုပ်မှုစွမ်းရည်ကို တည်ဆောက်ရန် Walmart ၏ ကြိုးပမ်းအားထုတ် မှ အဓိက အစိတ်အပိုင်းတခုအဖြစ် ပေါ်ထွက်လာခဲ့ကြောင်း အဲလ်ဘရိုက် က ပြောသည်။

Walmart သည် ၂၀၁၈ ခုနှစ်တွင် အိန္ဒိယ e-commerce ကုမ္ပဏီ Flipkart တွင် ရှယ်ယာ ၇၇ ရာခိုင်နှုန်း ကို ဝယ်ယူပြီးချိန်မှ စ၍ အိန္ဒိယတွင် ရင်းနှီးမြှုပ်နှံမှု အရှိန်မြှင့်လာခဲ့သည်။ နှစ်နှစ်အကြာ တွင် ၂၀၂၇ ခုနှစ် မှ စ၍ အိန္ဒိယမှ နှစ်စဉ် ကုန်ပစ္စည်းဒေါ်လာ ၁၀ ဘီလီယံ တင်သွင်းရန် ကတိကဝတ်ပြုထားသည်။ ယင်းသည် ပန်းတိုင်ရောက်ရန် လမ်းကြောင်းပေါ်ရှိနေဆဲဖြစ်ကြောင်း အဲလ်ဘရိုက် က ပြောသည်။ လက်ရှိတွင် အိန္ဒိယမှ နှစ်စဉ် ဒေါ်လာ သုံးဘီလီယံခန့် တန်ဖိုးရှိ ကုန်ပစ္စည်းများ တင်သွင်းနေသည်။

WORKFORCE, TECHNOLOGY ARE KEY DRAWS

အလုပ်အကိုင် နှင့် နည်းပညာများသည် အဓိကကျသော ရလဒ်များဖြစ်

Walmart သည် အရုပ်များ၊ လျှပ်စစ်ပစ္စည်းများ၊ စက်ဘီးနှင့် ဆေးဝါးများ အထိ အိန္ဒိယမှ အမေရိကန်သို့ တင်သွင်းနေသည် ဟု အဲလ်ဘရိုက် က ပြောသည်။ ထုပ်ပိုးထားသော အစားအစာများ၊ အစေ့အဆန်ခြောက်များနှင့် ပါစတာ ခေါက်ဆွဲများသည် လူကြိုက်များသော အိန္ဒိယမှ တင်သွင်းကုန် များ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယခုနှစ်တွင် စတော့ဈေးကွက် စံချိန်တင်မြင့်တက်ခဲ့သည့် အိန္ဒိယ သည် ကုန်ကျစရိတ်နည်းပြီး အကြီးစားထုတ်လုပ်မှုတွင် တရုတ် ထက် စွမ်းဆောင်ရည် ပိုမိုသာလွန်သည့် နိုင်ငံဖြစ်လာသည်။

အိန္ဒိယ၏ လျင်မြန်စွာ တိုးပွားလာသော လုပ်သားအင်အားနှင့် နည်းပညာတိုးတက်မှုများသည် Walmart အတွက် ဆွဲဆောင်မှုတခုဖြစ်ကြောင်း အဲလ်ဘရိုက် က ပြောကြားသည်။ အခြားတဖက်တွင်မူ တရုတ်သည် ပြီးခဲ့သည့်နှစ်တွင် ဆယ်စုနှစ် ခြောက်ခုအတွင်း ၎င်း၏ ပထမဆုံး လူဦးရေ ကျဆင်းမှုကို ဖော်ပြခဲ့သည်။

Walmart သည် ၂၀၂၂ ခုနှစ် မှ စတင်၍ အိန္ဒိယတွင် လုပ်ငန်းများ စတင် လည်ပတ်ခဲ့ပြီး ၎င်း၏ Walmart Global Tech India ယူနစ်၊ Flipkart Group၊ PhonePe လက်အောက်ရှိ ရုံးအများအပြားတွင် ယာယီအလုပ်သမားများ အပါအဝင် လူပေါင်း တသိန်း ကျော် ဖြင့် လုပ်ဆောင်နေသည်။

Walmart ၏ CEO ဖြစ်သူ ဒေါင်မက်မီလန် သည် ယခုနှစ် မေ တွင် အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာ မိုဒီ  နှင့် အစည်းအဝေး တခု၌ တွေ့ဆုံခဲ့ကြသည်။ 

“အိန္ဒိယဟာ ရင်းနှီးမြှုပ်နှံမှုအတွက် ဆွဲဆောင်မှုရှိတဲ့ နေရာတခုအဖြစ် ပေါ်ထွက်လာတာကို မြင်ရတာ ဝမ်းသာပါတယ်” ဟု မိုဒီက မေ ၁၄ ရက်နေ့တွင် ၎င်း၏ လူမှု ကွန်ရက်စာမျက်နှာ X တွင် ရေးသားခဲ့သည်။ Walmart သည် “အိန္ဒိယ ၏ ကုန်ထုတ်လုပ်မှုတိုးတက်မှုကို ဆက်လက်ပံ့ပိုးပြီး အခွင့်အလမ်း ဖန်တီးပေးမည်” ဖြစ်ကြောင်း မက်မီလန် က ပြောကြားခဲ့သည်။

#Mizzima
#ဘာသာပြန်
#Walmart

Focus: Walmart shifts to India, cuts China imports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly