သူရဦးရွှေမန်း၏ စစ်တက္ကသိုလ်နှစ်မြောက် ကျောင်းဆင်းပွဲနေ့ မေတ္တာမွန်စာလွှာ တပ်မတော်ကန့်ကွက်

သူရဦးရွှေမန်း၏ စစ်တက္ကသိုလ်နှစ်မြောက် ကျောင်းဆင်းပွဲနေ့ မေတ္တာမွန်စာလွှာ တပ်မတော်ကန့်ကွက်

ရန်ကုန်၊ ဧပြီ ၂၆ ။             ။ သူရဦးရွှေမန်း၏ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၁) ၏ (၄၇)နှစ်မြောက် ကျောင်းဆင်းပွဲနေ့ မေတ္တာမွန်စာလွှာပါ ဖော်ပြမှုသည်  တပ်မတော်ပြိုကွဲရေးနှင့် တပ်မတော်၏ ရပ်တည်ချက်၊ လုပ်ဆောင်ချက် များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေနိုင်သည့်အတွက် ကန့်ကွက်ကြောင်း မြန်မာ့ တပ်မတော်က တုန့်ပြန်လိုက်သည်။

ဧပြီလ ၂၆ရက်နေ့တွင် တပ်မတော်ပိုင် သတင်းစာဖြစ်သည့် မြဝတီသတင်းစာ၏ အင်တာနက်စာမျက်နှာတွင် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယခုကဲ့သို့ တုန်ပြန်ဖော်ပြခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တုန့်ပြန်မှုအရ ဧပြီ ၂၃ ရက်နေ့တွင် ကျရောက်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၁)၏ (၄၇)နှစ်မြောက် ကျောင်းဆင်းပွဲနှစ်ပတ်လည် အထိမ်းအမှတ် မေတ္တာမွန်စာလွှာကို ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း၏ တရားဝင် အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့ရာတွင် တပ်မတော်အပေါ် ပြည်သူလူထု အထင်အမြင်လွဲမှားစေနိုင်သည့်အပြင် တပ်မတော်သားများအား သွေးကွဲစေရန် ရေးသားထားကြောင်း တွေ့ရှိရသည်ဟုတပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထုတ်ပြန်ထားသည်။

သူရဦးရွှေမန်း၏ လူမှုကွန်ရက်တွင် ရေးသားခဲ့သောစာပါ "ညီနောင်များ(အမေ့သား)သည် စစ်တက္ကသိုလ် ကျောင်းဆင်းများကိုသာ သီးသန့်ရည်ညွှန်းသည့် သဘော သက်ရောက်စေသည့်အတွက် လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိများ၊ အငြိမ်းစားယူပြီးကြသော တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိများနှင့် စစ်မှုထမ်း(လက်ရှိ/အငြိမ်းစား) များအားလုံးအတွက် သွေးကွဲစေပြီး တပ်မတော်ပြိုကွဲရေးကိုပါ ဦးတည် သက်ရောက်စေသည်ကို တွေ့ရှိရပါသည်"ဟု တပ်မတော်၏ တုန့်ပြန်ချက်တွင် ဖော်ပြထားသည်။

 ပြည်သူများက ရွေးချယ်တာဝန်ပေးအပ်ထားသော အစိုးရအဖွဲ့က တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက် နေပြီး ထိုအစိုးရအဖွဲ့သည် နိုင်ငံတော်ကောင်းအောင် ပြည်သူ့အကျိုးစီးပွား ဖြစ်ထွန်းအောင် ဆောင်ရွက် မည်ဖြစ်ကြောင်း ဖော်ပြချက်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် သမိုင်းကြောင်းအရ ပေါ်ပေါက်ခဲ့ သော ရွေးချယ်တင်မြောက်ခံ အစိုးရများအပါအဝင် အစိုးရအဆက်ဆက် လက်ထက်တွင် နိုင်ငံတော်နှင့် ပြည်သူ့အတွက် မည်သည့်အကျိုးစီးပွားကိုမျှ ဖော်ဆောင်လုပ်ကိုင်ပေးခဲ့ခြင်း မရှိသည့်သဘော သက်ရောက် စေသည်ကို တွေ့ရှိရပါသည်ဟုလည်း ဆိုသည်။

တို့ညီနောင်များကလည်း ဝမ်းမြောက်ဝမ်းသာ မုဒိတာတရားဖြင့် ပူးပေါင်းဆောင်ရွက်ရမည့် အချိန်အခါ ကောင်းဖြစ်ပါသည် ဟူသော ဖော်ပြချက်၌ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ မကျင်းပမီကာလနှင့် ရွေးကောက်ပြီး အစိုးရအဖွဲ့ဖွဲ့စည်းသည့် ကာလတစ်လျှောက်တွင် တပ်မတော်သည် ပြည်သူများက ရွေးချယ်သော အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု အစဉ်တစ်စိုက် ပြောဆို လုပ်ဆောင်ခဲ့သည် များကို လစ်လျူရှုလျက် တပ်မတော်က ပူးပေါင်းဆောင်ရွက်မှု မရှိသယောင် မြှောက်ပင့်ပေးသည့် သဘောထားကို သက်ရောက်စေကြောင်း တွေ့ရှိရကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

သူရဦးရွှေမန်း၏ လူမှုကွန်ရက်စာမျက်နှာတွင် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၁) ၏ (၄၇)နှစ်မြောက် ကျောင်းဆင်းပွဲနေ့ မေတ္တာမွန် ခေါင်းစဉ်ဖြင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ခေါ်အောင်ဆန်းစုကြည်နှင့် ယှဉ်တွဲထိုင်နေသည့်ပုံကို ပူးတွဲဖော်ပြခဲ့ပြီး အထက်ဖော်ပြပါအကြောင်းအရာများကို ရေးသားခဲ့ခြင်း ဖြစ်သည့်အပြင် ယင်းရေးသားချက်ကို သတင်းမီဒီယာများက ထပ်ဆင့်ဖော်ပြမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

သို့ဖြစ်၍ သူရဦးရွှေမန်း၏ အင်တာနက်လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားဖော်ပြချက် များနှင့် သတင်းစာ၊ ဂျာနယ်အချို့တွင် ထပ်ဆင့်ရေးသား ဖော်ပြချက်များသည် နိုင်ငံနှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ခြင်းမရှိဘဲ တပ်မတော်ပြိုကွဲရေး၊ အစိုးရအဆက်ဆက်၏ နိုင်ငံတော်အတွက် လုပ်ဆောင်ချက်များနှင့် တပ်မတော်၏ ရပ်တည်ချက်၊ လုပ်ဆောင်ချက်များအပေါ် ပြည်သူများက အထင်မှား အမြင်မှား ဖြစ်စေနိုင်ပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ရည်မှန်းချက်ကို ထိခိုက်စေနိုင်သည့်အတွက် ကန့်ကွက်ပါကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က တပ်မတော်ပိုင် မြဝတီသတင်းစာတွင် တုန့်ပြန် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly