မီဇိုရမ်သို့ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အိန္ဒိယက မြန်မာဘက် ပြန်ပို့

By India Today
15 November 2023
မီဇိုရမ်သို့ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အိန္ဒိယက မြန်မာဘက် ပြန်ပို့
Photo-AFP

ချင်းပြည်နယ်ရှိ စစ်တပ်စခန်းနှစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ပြီးနောက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲသို့ ဝင်ရောက်ထွက်ပြေးခဲ့ကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၃ ဦးအနက် ၄၀ ဦးကို ယခုအခါ မြန်မာစစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း အိန္ဒိယ တာဝန်ရှိသူတဦးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ချင်းပြည်နယ်ရှိ ရိဒ်ခေါဒါရ်နှင့် တီအိုချောင်း ရှိ စစ်တပ်စခန်းနှစ်ခုကို စီးနင်းတိုက်ခိုက်ပြီးနောက် နိုဝင်ဘာ ၁၃ ရက်က စစ်ကောင်စီ စစ်သားများသည် ချမ်ဖိုင်ခရိုင် ဇိုခေါသာရှိ မီဇိုရမ်ရဲတပ်ဖွဲ့ထံ ရောက်ရှိလာခဲ့ကြောင်း ၎င်းက ပြောသည်။

“တနင်္လာနေ့က မြန်မာစစ်ကောင်စီစစ်သား အယောက် ၄၀ ဇိုခေါသာဘက် ထွက်ပြေးလာပြီး မီဇိုရမ်ရဲတပ်ဖွဲ့ထံ ရောက်လာတယ်။ အင်္ဂါနေ့မှာလည်း နောက်ထပ် သုံးယောက်လည်း အဲဒီလိုပဲ ထွက်ပြေးလာတယ်” ဟု ၎င်းက ပီတီအိုင် သတင်းဌာနကို ပြောသည်။

ထွက်ပြေးလာသည့် စစ်ကောင်စီစစ်သား ၄၀ ခန့်ကို အာသံရိုင်ဖယ် တပ်ဖွဲ့ထံ လွှဲအပ်ခဲ့ပြီး ယင်းနောက် အာသံရိုင်ဖယ်တပ်ဖွဲ့က နိုဝင်ဘာ ၁၄ ရက်တွင် ၎င်းတို့ကို မြန်မာနိုင်ငံ တမူးမြို့ရှိ စစ်ကောင်စီ တာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့သည်ဟု ၎င်းက ပြောသည်။ ကျန်ရှိနေသူများကိုလည်း မြန်မာဘက် ပြန်ပို့သွားမည်ဟု ဆိုသည်။

နိုဝင်ဘာ ၁၂ ရက်မှစပြီး ချင်းပြည်နယ်တွင် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ဒီမိုကရေစီလိုလားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပြီးနောက် ချင်းပြည်နယ်မှ ဒေသခံ ၂,၅၀၀ မှ ၅,၀၀၀ ခန့်အထိသည် မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးရောက်ရှိလာခဲ့ကြကြောင်း ပြည်နယ် ပြည်ထဲရေးဌာနမှ အကြီးတန်းအရာရှိတဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly