မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသား ၂ ဦးထံမှ ဘိန်းဖြူ ၁ ကီလိုကျော်ဖမ်းမိ

By ပါခွီး(မဇ္စျိမ)
10 August 2023
မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသား ၂ ဦးထံမှ ဘိန်းဖြူ ၁ ကီလိုကျော်ဖမ်းမိ
ဓါတ်ပုံ -အဖမ်းဆီးခံရသူနှစ်ဦးနှင့် မူးယစ်ဆေးဝါးများ  (ဇိုးနက်တီဗွီချန်နယ်)

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် မြန်မာနိုင်ငံသားနှစ်ဦးထံမှ ဘိန်းဖြူ တကီလို နှင့်ငါးဂရမ် ဖမ်းဆီးရမိကြောင်း ဒေသတွင်းထုတ်လွှင့်သည့် ဇိုးနက်တီဗွီချန်နယ်မှ ဩဂုတ်လ ၉ ရက်က ကြေညာခဲ့သည်။

အိုက်ဇောလ်မြို့၊ ဇွမ်းသွီရပ်ကွက် ZEDA လမ်းခွဲတွင် တာဝန်ရှိသူများက ဩဂုတ်လ ၉ ရက်၊ နံနက် ၆ နာရီခွဲ တွင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန၏ ထုတ်ပြန်ချက်ကိုကိုးကားပြီး ဖော် ပြခဲ့ခြင်းဖြစ်သည်။

ဘိန်းဖြူနှင့်အတူဖမ်းဆီးရမိသူများမှာ အသက် ၂၅ နှစ်အရွယ် ဗျက်ဇာအွေလ်းနှင့် ဗျက်လမ်မောလ်ရီးတို့ ဖြစ်ပြီး ၎င်းတို့သည် စစ်ဘေးရှောင်များဖြစ်သည်ဟု ထွက်ဆိုခဲ့ကြကြောင်း ဆိုသည်။

ထို့ပြင်၎င်းတို့နှစ်ဦးသည် အိုက်ဇောလ်မြို့၊ ဗောင့်ကွန်ရပ်ကွက်နှင့် မီဇိုရမ်-မြန်မာနယ်စပ် ဇိုးခွားထားလ် ကျေးရွာတွင် နေထိုင်ကြသူများဟုသိရသည်။

ဓါတ်ပုံ -အဖမ်းဆီးခံရသူနှစ်ဦးနှင့် မူးယစ်ဆေးဝါးများ  (ဇိုးနက်တီဗွီချန်နယ်)

“အမှန်က စစ်ဘေးရှောင်တွေ မဟုတ်ပါဘူး၊ ကုန်သည်တွေပါ။ ဖမ်းခံရတော့ သက်သာလို့သက်သာငြား စစ်ဘေးရှောင်လို့ပြောတာဖြစ်မယ်။ သူတို့နှစ်ယောက်နေရပ်တွေကိုက တယောက်ကမြို့တော်မှာ တယောက်ကနယ်စပ်မှာ အဲဒီမှာကိုက ယုတ္တိမရှိတော့ဘူး၊ စစ်ဘေးရှောင်တွေဆို စခန်းထဲအတူရှိပြီး နေတဲ့ နေရာကလည်း အတူတူဖြစ်ရမှာလေ”ဟု စစ်ဘေးရှောင်အရေးကူညီပေးနေသည့် အဖွဲ့အစည်း တခုမှ တာဝန်ရှိသူက မဇ္စျိမသို့ပြောသည်။

ယင်းကဲ့သို့ မူးယစ်ဆေးဝါးရောင်းဝယ်သူများကြောင့် စစ်ဘေးရှောင်များအပေါ် ဒေသခံများက အမြင် စောင်းလာပြီး စေတနာပျက်လာမည့်အရေး စိုးရိမ်နေရကြောင်း ဆိုသည်။

ယခုဖမ်းဆီးမိသူနှစ်ဦးကို မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုဥပဒေဖြင့် တရားစွဲဆိုပြီးနောက် အကျဉ်းထောင်သို့ပို့ဆောင်ကာ ချုပ်နှောင်ထားကြောင်း သိရသည်။

ဓါတ်ပုံ -အဖမ်းဆီးခံရသူနှစ်ဦးနှင့် မူးယစ်ဆေးဝါးများ  (ဇိုးနက်တီဗွီချန်နယ်)

ယခင်က အိန္ဒိယဖက်သို့ မူးယစ်ဆေးဝါးတင်ပို့သည့်လမ်းကြောင်းများဖြစ်သော မဏိပူရပြည်နယ်တွင် လူမျိုးရေး အဓိကရုဏ်းများဖြစ်ပေါ်နေပြီး ခရီးသွားလာမှု မလွယ်ကူခြင်းနှင့် ဘင်္ဂလားဒေ့ရှ်ဖက်မှလည်း စစ်ရေးတင်းမာမှုများကြောင့် မီဇိုရမ်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုစိပ်လာကြောင်း စစ်ဘေးရှောင် များကိုကူညီသူက ဆိုသည်။

ဆက်လက်ပြီးလည်း မူးယစ်ဆေးဝါးဖမ်းဆီးရမှုမြင့်တက်နိုင်ခြေရှိပြီး ဒေသခံအာဏာပိုင်များနှင့် အစိုးရ မဟုတ်သောအဖွဲ့အစည်းများ၏ နားလည်ထောက်ခံမှုရရှိရန် စစ်ဘေးရှောင်များကလည်း ဥပဒေနှင့် မလွတ်ကင်းသော လုပ်ငန်းများမလုပ်ကြရန်လိုကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် လွှတ်တော်ကိုယ်စားလှယ်များ၊ CDM ဝန်ထမ်းများ အပါအဝင် မြန်မာပြည်သား ၅၀,၀၀၀ ကျော်သည် အိန္ဒိယနိုင်ငံအတွင်းရှိ မီဇိုရမ် ၊ မဏိပူရ ၊ နာဂလဲန်းနှင့် နယူးဒေလီ ပြည်နယ်များတွင် ခိုလှုံလျက်ရှိသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required